Thursday, November 19, 2009

+ နေမကောင်းချိန် အိပ်ရာထက်မှ အတွေးများ

တန်ဖိုးတွေအကြောင်း ကလေးကအစသိတယ်။ ငယ်ငယ်ကတည်းက မုန့်တစ်ခုဘယ်လောက်တန်လည်း.. ဒါလည်း ဒီမုန့်ရဲ့ သတ်မှတ်ထားသော တန်ဖိုးပဲလေ။

လူတစ်ယောက်ရဲ့တန်ဖိုးကရော မည်ကဲ့သို့ သတ်မှတ်ကြပါသလဲ။

ဒီအမေးကို မိမိဖာသာပြန်မေးမိချိန်မှာ အဖြေတစ်ခုရလာပါတယ်။ မိမိရိုးရိုးသားသား၊ ကြိုးကြိုးစားစားဖြင့် အရာရာကို ကောင်းတာလုပ်ရင် မိမိတန်ဖိုးက တနေ့ထက်တနေ့ တက်လာမှာပဲလေ။

လူတစ်ယောက်ရဲ့တန်ဖိုးကရော ဘယ်အချိန်သိမှာလဲ။

ဒီအမေးကို မိမိဘာသာပဲပြန်ဖြေလိုက်မိတယ်။ ဒီလူ့ပတ်ဝန်းကျင်နားမှာ ဒီလူပျောက်ကွယ်သွားချိန် ဒီလူတန်ဖိုးကို သိလာမှာပါပဲလေ။

ဒီမေးခွန်းများကို နေမကောင်းဖြစ်ချိန် အိပ်ရာထက် ပက်လက်ဖြစ်ချိန်မှာ တွေးမိတယ်။ မိမိသည်လည်း မည်မျှလောက်တန်ဖိုးရှိနေပြီနည်း။ မိမိသေလွန်လျှင်တောင် မိမိအတွက် ပါမသွားသော ဂုဏ်ဒြပ်တွေကို ဖက်တွက်နေမိသေးသော မသိစိတ်ကို ချိုးနှိမ်ပြီး သေလျှင်ပါသွားမည့် ကုသိုလ်ရေးကိုပဲ အာရုံပြန်ပြုနေမိလိုက်သည်။

ဆရာဝန်ဆီမှ ဆေးသွင်းရအောင်ဟုပြောချိန်တွင် မကြားချင်သောစကားဟု သတ်မှတ်မိသော ထိုစကားစုအဆုံးတွင် သွေးကြောအတွင်းသို့ စူးနစ်ဝင်လာသော အပ်တစ်ချောင်း...

နာကျင်ပေမယ့် လက်တုံ့ပြန်ခွင့်မရှိချိန်... မိမိသွေးကြောထဲ အပ်လေးတစ်ချောင်း ၀င်ချိန်တွင်အခိုက်တွင် ဒီလောက်နာကျင်မှုကို ခံစားရပါက နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ခြေလက်စွန့်လွှတ်လိုက်ရသော သူများဆိုပါက.... သူတို့နာကျင်မှုများသည် အရိုးခိုက်လောက်မည်သာ...

အစာမစားရသောကြောင့် ၀မ်းတကျုပ်ကျုပ်မြည်ကာ ဆာလောင်မှုကို ကလေးငယ်ကဲ့သို့ ငိုယိုမတောင်းနိုင်ပဲ ကြိတ်မှိတ်ခံစားနေခဲ့ရချိန်... ထမင်းတောင် နပ်မှန်အောင် မစားရသောသူများ အဖြစ်ကို ကိုယ်ချင်းစာမိသည်။

သွေးစစ်ဆေးမှုပြုရန်အတွက် သွေးနဲနဲစုပ်ယူမိခြင်းကိုပင်လျှင် မူးချင်ချင်ဖြစ်နေချိန်မှာ... သတင်းစာထဲက ဘယ်နှစ်ကြိမ်မြောက်သွေးလှူဒါန်းသူဆိုသော သွေးလှူရှင်ပုံရိပ်များကို အလေးထားမိလာတယ်။

နေထိုင်မကောင်းချိန်မှာ ခိုလှုံစရာမိခင်ရင်ခွင်တစ်ခုကို တမ်းတမိချိန်မှာ.. မိခင်မရှိတော့တဲ့ သားသမီးတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိလာတယ်။

Wednesday, November 18, 2009

+ ဘ၀ကိုအထင်မသေးနှင့်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် လက်သည်းခွံပေါ်၌ မြေမှုန့်အနည်းငယ် တင်ထားပြီး ရဟန်းတို့ကို ဤသို့မိန့်ကြားတော်မူ၏။

"ရဟန်းတို့၊ မည်သို့ထင်ကြသနည်း၊ လက်သည်းခွံပေါ်၌ ငါတင်ထားသော မြေမှုန့်အနည်းငယ်နှင့် ဤမဟာပထ၀ီမြေကြီးရှိ မြေမှုန့်သည် ဘယ်အရာက ပို၍များသနည်း"

ဤသို့မေးသောအခါ ရဟန်းတို့က


"မြတ်စွာဘုရား၊ မဟာပထ၀ီမြေကြီးကသာ ပို၍များပါသည်။ လက်သည်းခွံပေါ်၌ မြတ်စွာဘုရားတင်ထားသော မြေမှုန့်ကား အနည်းငယ်မျှသာ ရှိပါသည်။ မဟာပထ၀ီမြေကြီးနှင့် စာလျှင် မြတ်စွာဘုရားလက်သည်းခွံပေါ်၌ တင်ထားသော မြေမှုန့်ကလေးသည် အရေအတွက် မသွင်းလောက်ပါ။ နှိုင်းစရာဟုပင် မဆိုလောက်ပါဘုရား"

ဟု လျှောက်ထားကြ၏။

"ရဟန်းတို့၊ ဤဥပမာအတိုင်းပင် လူ့ဘုံ၌ ဖြစ်သော သတ္တ၀ါတို့သည် အနည်းငယ်မျှသာ ရှိသည်။ စင်စစ်ကား အခြားသောဘုံတို့၌ ဖြစ်သော သတ္တ၀ါတို့က ပို၍များကုန်၏။ ယင်းသို့ ဖြစ်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု ဆိုလျှင် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာလေးပါးအမှန်တရားကို မသိကြသောကြောင့်ပင်ဖြစ်သည်။"

"ရဟန်းတို့၊ သို့ဖြစ်၍ ဤတရားသည် ဆင်းရဲခြင်းအမှန်တည်းဟု သိအောင်အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲခြင်းဒုက္ခကို ဖြစ်စေတတ်သည့်အကြောင့်းကို အမှန်တည်းဟု သိအောင် အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ အမှန်တည်းဟု သိအောင်အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲဒုက္ခချုပ်ငြိမ်းရာသို့ ရောက်စေတတ်သည့် လမ်းကြောင်းအမှန်တည်းဟု သိအောင် အားထုတ်ရမည်"

ကိုးကား - မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁၂-သစ္စသံယုတ်၊ ၇-ပဌမအာမကဓည၀ဂ်၊ ၁-အညတြသုတ်
ဗုဒ္ဓ၏ သြ၀ါဒအမြုတေ - ဒဂုန်ဦးထွန်းမြင့် ရေးသားချက်ကို ပြန်လည်ကူးယူဖော်ပြပေးခြင်း ဖြစ်ပါသည်။

Wednesday, July 8, 2009

+ တနေ့တာအတွက် ကုသိုလ်၊ ဥစ္စာ နှင့် ပညာ




စာရေးသူတစ်ယောက် အိမ်မှ Busကားဂိတ်ကို စထွက်ကတည်းက ဘုရားမရှိခိုးခဲ့ရတော့ လမ်းတစ်လျှောက် ဘုရားစာကို ရွတ်ဆိုလာခဲ့မိသည်။ စာရေးသူ၏ သူငယ်ချင်းလေးအောင်အောင် က ပြောဖူးတယ် တစ်နေ့တစ်နေ့ ကုသိုလ်၊ ပညာ နှင့် ဥစ္စာ ဒီ(၃)ချက်ကို ပြည့်စုံအောင် နေထိုင်နိုင်ရင် ထိုတစ်နေ့တာသည် တန်ဖိုးရှိစွာ ကုန်ဆုံးခြင်းမည်၏ တဲ့လေ။

စာရေးသူလည်း Bus ကားဂိတ်ရောက်တော့ ထုံးစံအတိုင်း ၃၀၀ကျပ်တန် ကိုကိုရွှေဧည့်သည်ကြီးကို စောင့်ပေါ့။ လက်ကနာရီက ကျောင်းချိန်နီးပြီဟု အော်နေသယောင် ခံစားလာရသောကြောင့် မတတ်သာသည့်အဆုံး ကိုယ့်ရှေ့ရောက်နေသော Bus ကားကိုသာ တတ်စီးခဲ့လိုက်သည်။ တန်ပါသည်။


"ဟိုနားဒီနား ၁၀၀ ပေးထား"

Bus ကားကလည်း mini bus ဆိုတော့ လူနဲနဲကျပ်ရင်ကို အသက်ရှူကမ၀တော့။ သို့သော်လည်း အများသူငါတောင် စီးနေတာ မိမိက ရွှေလင်ဗန်းနှင့် အချင်းဆေးသူလည်း မဟုတ်လေတော့ နဲနဲတော့ သည်းခံပြီးစီးလာလိုက်တယ်။ ကိုယ်ဆင်းမည့်နေရာရောက်တော့ ကိုယ်လုံးလေးကို ငါးဖယ်တိုးလေးတိုးပြီး ဆင်းရတယ်။ ဒါတောင် မွေးကတည်းက ဘယ်လောက်စားစား မ၀သော ခန္ဓာကိုယ်ပိုင်ထားပေလို့ တော်သေးသည်။ ကျောင်းချိန်ကလည်း နီးလာပြီဆိုတော့ အမြန်ဆုံးခြေကုန်သုတ်ပြီး ပြေးလာခဲ့သည်။ တနေရာအရောက် ခြေထောက်များက မွေးရာပါသိမ်နေသော လူငယ်တစ်ဦး ချိုင်းထောက်ဖြင့် တောင်းရမ်းနေသည်ကို ဖျတ်ကနဲတွေ့လိုက်ချိန် အသိတစ်ခု ချက်ချင်းဝင်သွားခဲ့သည်။ ဒီနေ့အတွက် စာရေးသူ၏ ကုသိုလ်။ စာရေးသူ၏အဖိုး ဖြစ်သူ အမြဲပြောလေ့ရှိသော တောင်းခံလာသည်ရှိသော် အနည်းငယ်မျှကို ပေးလှူရာ၏ ဆိုသော စကားလေးများသည် စာရေးသူစိတ်ကို လာလှုပ်သလိုခံစားလိုက်ရသည်။

သာမန်အားဖြင့် အကြွေကိုသာ ပေးတတ်လေ့ရှိသော်လည်း ဒီနေ့ မိမိသည်းခံပြီး စီးလိုက်သောကြောင့် သက်သာလာသော Bus ကားခသည် ထိုတောင်းရမ်းနေသော လူငယ်အတွက် ပိုမိုအသုံးဝင်ပေမယ်။ မဆိုင်းမတွပင် ၂၀၀တန်လေးကို သူ့ဒန်ချိုင့်လေးထဲ ထည့်ပေးလိုက်ချိန် မော့ကြည့်လာသော မျက်လုံးတစ်စုံကို စာရေးသူ အပြုံးတစ်ခုဖြင့်သာ နှုတ်ဆက်ခဲ့လိုက်သည်။
သင်တန်းပြီးလို့ အိမ်ပြန်ချိန်တွင်လည်း ကြုံပြန်ပါသည်။ ဒီတစ်ခါကတော့ အနာကြီးရောဂါဝေဒနာခံစားရမှုကြောင့် ခြေလက်များ ပျက်စီးနေသော အဒေါ်ကြီးတစ်ဦးကို သူ၏သားဖြစ်ဟန်တူသူက ချီပိုးကာ ဒန်ချိုင့်လေးကို လက်ချောင်းလေးများမရှိသော အဒေါ်ကြီး၏ လက်ကောက်ဝတ်တွင် ချိတ်ထားလေသည်။ ထိုမြင်ကွင်းကို မြင်တော့လည်း ဂရုဏာသက်မိသည်။ မိမိတို့မပေးမကမ်းလျှင် ထိုအဒေါ်ကြီး၏ စားဝတ်နေရေးသည် ခက်ခဲပေမည်။ ထိုအဒေါ်ကြီးသည် ထိုအိမ်၏ ၀န်ထုပ်ဝန်ပိုးဖြစ်သွားပေမည်။ ထိုအဒေါ်ကြီး၏ဘ၀သည် မသေသော်လည်း သေသကဲ့သို့ဖြစ်ပေမည်။ မိမိတို့ပေးကမ်းစွန့်ကြဲလိုက်သော တစ်ကျပ်တစ်ပြားသည် သူမ၏၀င်ငွေဖြစ်လျှင် သူမ၏ မိသားစုဝင်များက ကြည်ဖြူနိုင်ပေလိမ့်မည်။

အတွေးပေါင်းများစွာကို ဆက်စပ်တွေးမိလိုက်ချိန်တွင် Bus ကားစီးရန်ကိုင်ထားသော ၅၀၀ ကျပ်တန်လေးကို ဒန်ချိုင့်လေးအတွင်းသို့ တရိုတသေထည့်လိုက်မိသည်။်စာရေးသူလည်း အရမ်းချမ်းသာမနေပါဘူး။ ကိုယ်ပိုင်ဝင်ငွေလည်း မရှိဘူး။ စာရေးသူအတွက် ဥစ္စာဆိုတာတော့ တစ်နေ့တာမှာ မပြည့်ဘူးပေါ့။ မိဘကပေးတဲ့ မုန့်ဖိုးကို သုံးတယ်။ ဒီတော့လည်း ပိုင်ဆိုင်တဲ့ ကားခဖိုးလေးထဲက နည်းနည်းကို ပေးလှူမိတာပါ။ ထိုနေ့ကတော့ အပြန်လမ်းကို ရွှေဧည့်သည်ကို ယောင်လို့တောင် မကြည့်ဘဲ ၁၀၀ကျပ်တန် Bus ကားလေးပေါ်ကို ပျော်ရွှင်စွာပဲတက်လိုက်လာခဲ့မိသည်။

သူငယ်ချင်းတို့ရေ..စာရေးသ်ူရဲ့တနေ့တာ အဖြစ်အပျက်လေးတစ်ခုကို ဖွင့်လစ်ပြတာပါ။ သူငယ်ချင်းတို့၏ တနေ့တာ လုပ်ဆောင်ချက်များမှာ စာရေးသူထက်မြင့်မြတ်တဲ့အလှူတွေ လုပ်ကောင်းလုပ်ကျပါမယ်။ ထိုအလှူတွေထဲမှာ နိမ့်ကျသော သူများကိုလည်း ပေးလှူကြစေလိုကြောင်း စာရေးသူ တွေးသော အတွေးလေးကို အကြောင်းသင့်လို့ ဆက်စပ်ဖော်ပြလိုက်ပါသည်။

စိတ္တသုခနှင့် ပြည့်စုံပါစေ
Yellow Cloud

Image copied from : http://upload.wikimedia.org/wikipedia/commons/7/7e/Beggar_Bodhgaya_India.jpg

+ မသေခင် သေဖို့အတွက် စုဆောင်းမှု

တရားဟောတာတော့ မဟုတ်ပါဘူး။ သေချာစဉ်းစားကြည့်တော့ မသေခင်မှာ မိသားစု၊ ချစ်သူခင်သူ သူငယ်ချင်းများ၊ မိတ်ဆွေများဖြင့် ပျော်ရွှင်စွာ နေထိုင်ကြသည်။ မိမိသေဆုံးသွားတော့ အားလုံးဝမ်းနည်းငိုကြွေးကြသည်။ ၀မ်းသာသူကတော့ မိမိကို မလိုလားသူမှ အပ အခြားသူမရှိ။
စာရေးသူ စဉ်းစားမိသည်က စာရေးသူ အသက်ပိုင်းခြားသည် ယေဘူယျသဘောလောက်ဆိုလျှင် လူ့သက်တမ်းနုသေးသည် ဆိုရမည်။ သို့သော်လည်း စာရေးသူတို့ ရှင်တော်မြတ်ဘုရားဟောကြားခဲ့သော တရားတော်များအရ စာရေးသူတို့သည် မည်သည့်နေ့၊ မည့်သည့်အချိန်တွင် သေဆုံးမည်ကို မသိနိုင်။

အထူးသဖြင့် စာရေးသူသည် ယခုအချိန်တွင် သေဆုံးပါက မိမိနောက်သို့ ပါမလာနိုင်သော ခန္ဓာကိုယ်ကို လေထုညစ်ညမ်းအောင် မီးရှို့ခံလိုက်ရရုံမှ တပါး အခြားဘာမှ အသုံးမ၀င်နိုင်။ မိမိသေဆုံးသွားလျှင်တောင် အခြားသူတစ်ဦးတစ်ယောက်၏ဘ၀ကို ပျော်ရွှင်မှုကို ပေးခဲ့ချင်သည်။

နောက်ဆုံးရလိုက်သော အကြံဥာဏ်တစ်ခုက မိမိတို့တစ်နေ့တာ လှုပ်ရှားသွားလာမှုအားလုံး အဆင်ပြေချောမွေ့နေသည်မှာ မိမိတို့၏ မျက်လုံးကောင်းနေသောကြောင့်သာ အဆင်ပြေချောမွေ့နေခြင်းဖြစ်သည်။ ထို့ကြောင့် မျက်ကြည်လွှာလှူဒါန်းရန် စိတ်ဆန္ဒပြင်းထန်ခဲ့သည်။ ထို့ပြင် မိမိကိုယ်တိုင်သည်လည်း ဤနိုင်ငံမှတပါး အခြားတိုင်းပြည်သို့ သွားရောက်နေထိုင်ခြင်း မပြုခြင်းမှာ သေချာနေသောကြောင့် မိမိသေဆုံးပြီး (၄)နာရီအတွင်းတွင် ထုတ်ယူနိုင်သော မျက်ကြည်လွှာလှူဒါန်းမှုကို ရွေးချယ်ခဲ့သည်။

ဘယ်နေ့သေမည်ဆိုတာကို မသိနိုင်သော လူ့လောကကြီးတွင် လျှောက်လှမ်းနေသော နေ့ရက်များကိုအပြီးတွင် အခြားတစ်ဦးတစ်ယောက်အတွက် လှပသော နေ့ရက်များ ဖြစ်လာစေရန် မိမိ၏ မျက်ကြည်လွှာများကို လှူဒါန်းကြစေလိုကြောင်း နိုးဆော်လိုက်ပါသည်။

မိမိ၏ လှူဒါန်းမှုကိုလည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြလိုက်ပါသည်။

အမျိုးသားမျက်စိဘဏ် (မျက်စိအထူးကုဆေးရုံအပေါ်ဆုံးထပ်)
မျက်စိအထူးကုဆေးရုံ၊ ကန်ပတ်လမ်း၊ ရန်ကုန်မြို့။

Friday, May 1, 2009

+ ငွေဆောင်ကမ်းခြေသို့တစ်ခေါက်

မိသားစုလိုက် နှစ်စဉ်ခရီးထွက်နေကျဖြစ်သောကြောင့် ဒီနှစ်အတွက် ခရီးစဉ်ကို စိတ်ကူးဖြင့် မြိတ်ဖက်သို့ ဆွဲထားသော မိမိအဖြစ်ကြောင့် ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရသည်။ မိဘများက ရွေးချယ်လိုက်တာသည့် ငွေဆောင်ကမ်းခြေ.. အချိန်ကလည်း ရင်ခုန်စရာ မေလ(၁)ရက်နေ့။ နာဂစ်တစ်နှစ်ပြည့်ကို ငွေဆောင်မှာတောင် သွားကြိုဦးမည့် မိမိအဖြစ်ကို တော်တော်လေး အံ့သြမိသည်။ သို့ပေမယ့်လည်း တစ်ခေါက်မှ မရောက်ဖူးသေးသော ငွေဆောင်ကမ်းခြေကို စိတ်ကူးယဉ်နှင့်ပင် ပုံဖော်ကြည့်မိသည်။ ငပလီလို ရေကြည်ကြည်လေးလား၊ ချောင်းသာလိုလူတွေအများကြီးလား.. ငွေဆောင်မရောက်မချင်း "လား" ပေါင်းမြောက်မြားစွာကို ရင်ဝယ်ပိုက်ကာ ခရီးစဉ်ကြီးကို လိုက်ပါလာခဲ့သည်။

ခရီးစဉ်လေးသည် လူ(၂၅)ယောက်စာလောက်သာ Package Tour ဖြစ်သောကြောင့် မိသားစုသုံးစုနှင့် လူငယ်စုံတွဲသုံးတွဲလောက်နှင့်ပင် လူပြည့်နေလေသည်။ အားလုံးက မိသားစုသဖွယ်ဖြစ်နေသောကြောင့် ခရီးစဉ်လေးသည် အေးအေးဆေးဆေးနိုင်လှသည်။ ခရီးစဉ်မစခင်တစ်ရက်ကပင်.. ပုသိမ်မှ အစ်ကိုတော်ဆီကို ဖုန်းတစ်ဂွင်ဂွင်ဆက်နေသောကြောင့် အစ်ကိုတော်လည်း နားငြီးလှမည်။ သို့သော် မတတ်နိုင်လူကြီးလမ်းကြောင်း မစတင်ခင် ပွိုင့်ပြေးခိုင်းထားသကဲ့သို့လမ်းကြောင်းရှင်းကာ လုံခြုံရေးချထားသကဲ့သို့ လမ်းကြောင်းကို မေးရသည်။ မိမိသွားမှာက နာဂစ်တစ်နှစ်ပြည့်ဆိုတော့ ပိုဆိုးသည်။ အစ်ကိုတော်ကတော့ ပြောပါသည်။

"ညီမလေး ... စိတ်ပူမနေနဲ့ တစ်လမ်းလုံး တပ်ကလူတွေကို တွေ့ရမယ်။ လုံခြုံရေး အပြည့်ပဲ။ ပုသိမ်စ၀င်တာနဲ့ ညီမလေး တွေ့ရစေမယ်။ အစ်ကို့စကားတည်ရင် ညီမလေးမုန့်ဝယ်ကျွေးဖို့သာ ပြင်ထား"

အစ်ကိုတော်က ဒီလောက်ပြောတော့လဲ ရွှီးရွှမ်းလောက်ပြီဟုတော့ ထင်ကာ ခပ်ထေ့ထေ့သာ ပြုံးခဲ့မိသည်။ စာရေးသူတို့ကားလေး ပုသိမ်စ၀င်လျှင်ဝင်ချင်းမှ ပုသိမ်မြို့ထွက်သည်နှင့် ဟုတ်ပါသည်.. တစ်လမ်းလုံးရဲဘော်များ.. ကိုယ့်မျက်စိတောင်ကိုမယုံချင်။ တစ်ခုခုတော့ မှားနေလောက်ပြီ။ ချက်ချင်းပင် အစ်ကိုတော်ဆီကို ဖုန်းကောက်ဆက်လိုက်သည်။ အစ်ကိုတော်ဖုန်းက ပိတ်ထားသည်။ ရုံးဖုန်းကို ဆက်တော့

"ဗိုလ်ကြီးxxxxx မိုင်(၂၀)လမ်းလျှောက်ပွဲသွားပါတယ်ခင်ဗျာ"

လက်စသတ်တော့ ဒီလိုကိုး။ ဘာပဲပြောပြောသူ့စကားက မှန်နေလေသည်။ မိမိတော့ရှုံးလေပြီ။ ငွေဆောင်သို့နေ့လည်မွန်းမတည့်မှီရောက်သွားသည်။ နေအခြေအနေနှင့် ရေအခြေအနေကို ကြည့်ကို ပစ္စည်းပစ္စယများနေရာချပြီးသည်နှင့် ကမ်းခြေသို့ဆင်းလာမိသည်။

အိုဘယ့် လှလိုက်တဲ့ကမ်းခြေကြီး.. မနှစ်တုန်းကတော့ ဆူညံသံပေါင်းများစွာဖြင့် လူတွေကို ၀ါးမျိုသွားခဲ့သော ရေပြင်ကြီးကို ခပ်ရင့်ရင့်သာ ကြည့်မိလိုက်သည်။ ကုလားမီးနင်းနေရသကဲ့သို့ သဲက ပူပြင်းလှသည်။ ကြာကြာမရပ်နိုင် Sand... Sea.. Sun တွင် Sand & Sun ကို အံမတုနိုင်ပဲ.. အခန်းရှိရာသို့ သုတ်သုတ်ပြန်လာခဲ့ရသည်။ နေ့လည်စာကို ဟိုတယ်ကတည်ခင်းဧည့်ခံသော ထမင်းကို အ၀ကျိတ်ပြီး အခန်းရှိရာသို့ပြန်လာကာ ပင်ပန်းမှုများကို သက်သာစေရန် တရေးတမောအိပ်လိုက်သည်။

လှိုင်းပုတ်သံများက တဟဲဟဲ..တရှဲရှဲဖြင့် ခက်ထန်လှသည်။ အဆုံးမရှိသော မိုးကုတ်စက်ဝိုင်းဟု သတ်မှတ်သော်လည်း မျက်စိတစ်ဆုံးတွင်တော့ မိုးကောင်းကင်ကြီးနှင့် ပင်လယ်ပင်ကြီးသည် ထိစပ်နေသယောင်.. ခြေခင်းလက်ခင်းသာသည်နှင့် ရေထဲဆင်းရန် လုံးပန်းလိုက်သည်။ ၀ယ်လာသော လေမှုတ်ရုပ်ဖျံကြီးကို လေထိုးရန် ကြိုးပမ်းပြီး ဖျံကိုရေချခန်းပြုရတော့သည်။ လှိုင်းလုံးများ၏ အမုန်းတရားမရှိပဲ စစ်မှန်သော အမြဲတမ်းမှန်ကန်နေသော လှိုင်းခတ်ပြင်းပြင်းပုတ်ချက်များကြောင့် မိမိသည်လည်း ဆားချက်သောပင်လယ်ရေကို ဘယ်နှစ်ငုံမှန်းမသိ သောက်နေရသည်။ ၀အောင် ရေကစားပြီးသည်နှင့် အခန်းသို့ပြန်ကာ ဖျံနှင့်မိမိကိုယ်ကို ရေချိုးသန့်စင်ပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ရန် ကမ်းခြေသို့ ထွက်ခဲ့မိသည်။ Pro မဟုတ်သော ရိုက်ချက်များကြောင့် ဒါရေ၊ ဒါကျောက်ဆောင်၊ ဒါကမ်းခြေဟူသော သတ်မှတ်ပေးသော ပုံများတော့ ဖြစ်ကောင်းဖြစ်နေပေလိမ့်မယ်..

ထိုသို့နှင့်ပင်.. အကျွန်ုပ်၏ နာဂစ်တစ်နှစ်ပြည့်ကမ်းခြေခရီးစဉ်ကို သုံးညအိပ်၊ လေးရက်ခရီးစဉ်ဖြင့် ဖြတ်သန်းခဲ့ကြောင်း ခရီးသွားမှတ်တမ်းတစ်စောင်အဖြစ် မှတ်တမ်းတင်လိုက်ပါသည်။

Monday, March 2, 2009

ကျိုက်ထီးရိုးမှ အမှတ်တရများ

စာရေးသူက အမှတ်တရတွေများတာတော့ မဟုတ်ပါဘူး။ ဒီစာမျက်နှာလေးက စာရေးသူအတွက် အမှတ်တရရေးသော ဒိုင်ယာရီစာမျက်နှာလေးအဖြစ် ရှင်သန်ခွင့်ပြုထားသော နေရာလေးဖြစ်သောကြောင့် ရေးသမျှတွေက အမှတ်တရဖြစ်နေရခြင်းပါ။ ဒီတစ်ခါအကြောင်းအရာလေးကတော့ သူငယ်ချင်းတွေ စုပြီးသွားခဲ့ကြတဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လေးပါ။ သူငယ်ချင်းတွေ စီစဉ်လိုက်တိုင်း ပျက်ပျက်နေတာ လေဖြင့် ခရီးသွားတာတော့ မြန်မာပြည်ကို သက်စေ့လောက်လည်ပြီးနေပြီ။ အခုတော့ သူငယ်ချင်းတစ်ယောက် သာသနာ့ဘောင်ထဲဝင်တော့ ဦးပဉ္ဇင်းကိုသွားကန်တော့တဲ့နေ့က ဦးပဉ္ဇင်းဖြစ်သူက "ဒကာကြီး၊ ဒကာမကြီးတို့ ခရီးစဉ်က သွားဖြစ်တာ ဖြစ်ပစေနော်" လို့ ဦးပဉ္ဇင်းက အမေးကို အဖြေပါတွဲပြီး ပြောလာတော့။ ဒကာ၊ ဒကာမများလည်း လိမ်ရင်ကလည်း ငရဲကျမည်... နောက်ဆုံးတွင်တော့ ဦးပဉ္ဇင်းကို ကတိပေးလိုက်ရတော့သည်။ ဦးပဉ္ဇင်းကို ပေးပြီးသည့် ကတိကို လူဝတ်ကြောင်များကို ပေးခဲ့သည့် ကတိထက်တော့ ပိုတည်ရတော့မည့်အရေးကြောင့် ကားလက်မှတ်စီစဉ်မှုများဖြင့် အလုပ်များသွားသည်။ တည်းဖို့ခိုဖို့ကတော့ သူငယ်ချင်းတစ်ယောက်က "အားကိုးလိုက်စမ်းပါ"ဟု ပြောလာတော့လည်း ရင်အေးသွားရသည်။ အားလုံးစီစဉ်ပြီးတော့ မသွားခင်ရက်လေးမှာဖြင့် ဦးပဉ္ဇင်းက လူထွက်လေသည်။ ပြောပုံကလည်းကြည့်အုံး... "သင်္ကန်းကြီးနဲ့လိုက်ရင် ဒကာတို့စဟယ်ပြောင်ဟယ်ဆို ငရဲကျမှာစိုးလို့ ဦးပဉ္ဇင်းက မေတ္တာထားပြီး လူထွက်ပေးတာတဲ့"
မည်သို့ပင်ဖြစ်စေကာမူ အကျွန်ုပ်တို့၏ ခရီးစဉ်ကြီးသည် အထမြောက်ကာ သွားမည့်ရက်တွင် ကားစီးရန် ပန်းဆိုးတန်းခုံးတံတားနားတွင် စုကြလေသည်။ ခုံဝယ်ယူသူတာဝန်ခံကလည်း ခုံနေရာများကို ရှယ်(ဇွန်းတပ်)၀ယ်ထားသည်ဟုဆိုပြီး ရင်အုပ်ကို ဖွင့်ကာ ကောင်မလေးများ၏ ချီးကျူးထောပနာသံများကို ခံယူနေလေသည်။ မိမိတို့ကတော့ သတင်းထောက်သေလို့ ၀င်စားသကဲ့သို့ မှတ်တမ်းတင်ဓါတ်ပုံများကို တဖျတ်ဖျတ်လိုက်ရိုက်နေရသည်။ အကျွန်ုပ်တို့စီးနင်းလိုက်ပါမည့် ကားကတော်ရုံဖြင့်ရောက်မလာသေး..


ဝယ်ထားတဲ့ ခရီးသွားလုပ်ငန်းက "ရွှေလမ်းခရီး"။ လာရပ်သော ကားတွေက နဖူးစီး ဒီနံမည်ဖြင့် တစ်ခုမှ မပါ။ ကြက်ရင်အုပ်ကိုဖွင့်ထားသော ကိုယ်တော်ကြီးသည် စာကလေးရင်အုပ်လောက်သာသာ သာရှိတော့ပေသည်။ နောက်ဆုံးတွင်ဝယ်ယူထားသော ကောင်တာကို စုံစမ်းရန်သွားတော့လည်း မရှိကြတော့။ ညရောက်ပြီမို့လို့ ပိတ်သွားပြီတဲ့။ နောက်ဆုံးတွင်တော့ ရပ်ထားသော ကားကြီးဆီမှ အော်ခေါ်သံများ ကြားရသည်။ မိမိတို့ခရီးသွားလုပ်ငန်းနာမည်ပါသောကြောင့် အပြေးအလွှားသွားကာမေးမှ ခရီးသွားလုပ်ငန်းများပေါင်းပြီး ကားတစ်စီးတည်းဖြင့် ဘုရားဖူးခရီးသွားများကို သွားရန်စီစဉ်ကြလေသည်။ မတတ်နိုင်...
ကောင်မလေးများဆီမှ နဂါးတို့မျက်စောင်းများ ကျရောက်လာပုံများ တပေါင်းလမှာ ထစ်ချုန်းမိုးရွာပြီး မိုးကြိုးပစ်သကဲ့သို့... ပိုဆိုးတာက ပြောထားသော ရှယ်ထိုင်ခုံမှာ... အလယ်ခုံမှာပါ ထိုင်လိုက်ရသည်။ စပယ်ယာကို မိန်းကလေးများက အစာကိုတွေ့၍ ကျီးကန်းများ အာ သကဲ့သို့ ၀ိုင်းအာလိုက်တာ Rဇာနည်ညီမတွေလို့တောင် ပြောလျှင်ယုံလောက်သည်။ သို့ပေသော်ငြားလည်း အလယ်ခုံ ဒုက္ခမှ လွတ်ကင်းခွင့်ရခဲ့သည်။ (ဒါလည်း ဒီမိုကရေစီပါပဲ...)

ကားကလည်း လမ်းမှာ လေအိတ်ကွဲတာကလည်း အကြိမ်ကြိမ်။ အဆင်မပြေမှုများတော့ အပြစ်ရှိသူကို မဲချတော့ မသွားခင်လေးတင် ၀က်သားဒုတ်ထိုးစားလာသော သူက မဲကျကာ ၀ိုင်းအာခြင်းခံလိုက်ရသည်။ နောက်ဆုံးတွင်တော့ ည 9.00 ထွက်လာသော ခရီးစဉ်ကြီးသည် ကျိုက်ထီးရိုးတောင်ခြေကင်မွန်းစခန်းသို့ မနက်အာရုဏ်တက် ၄း၀၀တွင်ရောက်ရှိသွားပါသည်။ အိပ်ဆောင်စီစဉ်ပေးမည့် သူငယ်ချင်းလင်မယားကလည်း တောင်ခြေမှ စောင့်နေလေသည်။
တောင်တက်ကားကို နေရာဝယ်တာတောင် အဆင်မပြေ။ လူအုပ်ကလည်း (၁၅)ယောက်ဆိုတော့ နည်းနည်းပြသနာရှိသည်။ နောက်ဆုံးတွင်တော့ ယောကျာ်းလေးအချို့က တောလမ်းမှ လမ်းလျှောက်တတ်ရန်လူစုခွဲလိုက်သည်။ မိမိကတော့ မိမိခြေထောက်ကို မိမိသနားမိသောကြောင့် ကားနားမှ တစ်ဖ၀ါးမှ မခွာ။ နောက်ဆုံးတွင်တော့ သူငယ်ချင်းအမျိုးသားစီစဉ်ပေးမှုဖြင့် ကားခေါင်းခန်း(double)တွင် ဒရိုင်ဘာအပါ..ဆယ်ယောက်စီးသွားခဲ့သည်။ စာရှုသူများ စဉ်းစားသာကြည့်ပါတော့ ငါးပိသိတ်၊ ငါးချဉ်သိတ်ဘ၀ဆိုသည်မှာ ဒါမျိုးဖြစ်နိုင်သည်။ ရသေ့တောင်ခြေတွင်တော့ လမ်းလျှောက်တတ်ရန် စီစဉ်ရတော့သည် မဟုတ်ပါက ခြေထောက်ပင် ချိသွားနိုင်သည်။

ရင်းနှီးသော အထမ်းသမားကောင်လေးများက ဖောက်သည်ကြီးဟုဆိုကာ ပြေးလာလိုက်ပုံများ အသားတစ်ကြီးတွေ့လို့ ကျီးများ ပြိုလာသကဲ့သို့... သို့ပေမယ့်လည်း လေးဖြူသီချင်းလို သံယောဇဉ်...သံယောဇဉ်ဆိုသည့်စကားအတိုင်း တစ်ယောက်တည်း ငှားလို့ရမည့်နေရာမှာ ကလေးနှစ်ယောက်ငှားလိုက်ရတယ်။ တစ်ခုကောင်းတာကတော့ သူတို့လေးတွေကလည်း လူငယ်.. စကားကလည်း ပြောချင်ဆိုတော့ ပြောလိုက်တာများ စုံလို့ တောင်ပေါ်ကို ဘယ်လိုရောက်မှန်းတောင် မသိလိုက်ဘူး။ ကောင်မလေးတွေကတော့ သိသာလှသည် လွယ်လာသော အိတ်လှလှလေးတွေတောင် ကောင်လေးတွေ လည်ပင်းတွင် ဘယ်တစ်လုံး ညာတစ်လုံးဖြင့် ရှောက်သီးဆေးပြားသည်တွေလိုလို ဘာလိုလို ဖြစ်ကုန်သည်။

နောက်ဆုံးတွင်တော့ သူငယ်ချင်းလင်မယားစီစဉ်ပေးရာ ရွှေနန်းကျင်ဓမ္မာရုံတွင်တည်းရမည်ဆိုတော့ မုခ်ပေါက်ဖြင့် နီးသောကြောင့် ၀မ်းသာမိသည်။ ဘုရားဖူးများသော ရာသီလေးဖြစ်သောကြောင့် အခန်းအခက်အခဲကြောင့် မြေနှိမ့်ပိုင်းကျသော (Hall Type) ဟောအခန်းကြီးတစ်ခုတည်းတွင် စုတည်းခိုရမည်တဲ့။ တော်သေးတယ် ဟောခန်းက တော်တော်ကျယ်တော့ ဟိုဖက်ခြမ်း ဒီဖက်ခြမ်းခွဲအိပ်ရန် စီစဉ်ကျလေသည်။ ပြသနာက လင်မယားနှစ်ယောက်က မခွဲချင်။ နောက်ဆုံးတွင်တော့ မယ်ခေါ်ရာ မောင်လိုက်ခဲ့မယ် ဖြစ်ကာ မိန်းကလေးအခြမ်းဖက်ပါသွားသည်။ အကျွန်ုပ်တို့ရေမိုးချိုးပြီးသည့်တိုင် လမ်းလျှောက်တက်သူများ ရောက်မလာသေး။ ပြောလို့မှ မဆုံး.. အီးမှန်သော မျက်နှာဖြင့် သူငယ်ချင်းတစ်ယောက်ဦးစွာပန်းဝင်လာသည်။ အကျီ င်္ဂျာကင်ကို ခါးမှာပတ်ထားပုံက စကော့တလန်စစ်သားများလို စကပ်လိုလို.. နောက်မှသိလိုက်ရခြင်းက လမ်းမှာ ဘောင်းဘီဖင်ဟက်တက်ကွဲလို့ အကျီ င်္ချွတ်ကာ ကာခဲ့ရခြင်းဖြစ်ပေသည်။ သူငယ်ချင်းတွေအားလုံးဆုံတဲ့ ထမင်းစားဝိုင်းတွင် ထိုအကြောင်းအရာကို ပြန်စမြှုပ်ပြန်ရင်း ရယ်ခဲ့ကြတာတွေကတော့ တကယ့်ကို အမှတ်တရတွေပါပဲ။

Saturday, January 31, 2009

+ ခရီးတထောက် သုဝဏ္ဏဘူမိနှင့် အမှတ်တရ


ဘိလပ်ကိုသွားရတော့မည်ဆိုတော့ အများသူငါလို သံရုံးဝင် ဗီဇာထုဖြင့်များပြားသော လုပ်ဆောင်ချက်များဖြင့် အလုပ်များနေပြီး လေယာဉ်လက်မှတ်ရုံးသို့ နောက်ဆုံးတွင်ရောက်ရှိလာခဲ့သည်။ ဖက်ရှင်မြို့ကြီးကို ရောက်နိုင်သော လေကြောင်းလိုင်းက လောလောဆယ် နှစ်လိုင်းသာရှိသည်။ တစ်လိုင်းက မြန်မာပြည်၏ဖောက်သည်ကြီး ကိုကြီးTGနှင့် နောက်တစ်လိုင်းက ဂျိုထွက်နေတဲ့ မမQatar တို့ဖြစ်သည်။ ကိုကြီးTG ကိုတော့ မစီးချင်။ မသွားခင်ကြားရသမျှက သုဝဏ္ဏဘူမိကလည်တယ်ဆိုပဲ။ မသွားတတ်လို့ကတော့ မိုးတောင်လင်းမယ်တဲ့။ မသွားခင်ကပင် ကြောက်မိသော လေဆိပ်ပါတကား။

မမQatar ကိုဈေးမေးကြည့်တော့ အခြေအနေမကောင်း တော်တော်ဈေးကွာနေသည်။ မဖြစ်ချေ။ နောက်ဆုံးတွင်တော့ ကိုကြီးTG ကိုသာ ရွေးချယ်လိုက်ရတော့သည်။ အသက်အာမခံလေးကလည်း ပြေးထားရသေးသည်။ ကိုယ်သေသွားရင်တောင် ကိုယ့်အိမ်ကအေးဆေးဖြစ်စေရန်။ လောလောဆယ်တော့ အိမ်က ပိုက်ဆံအရင်ထုတ်ထားပေါ့။ ဟဲဟဲ...

လေယာဉ်လက်မှတ်သွားဝယ်တော့ အမောင်အရောင်းကိုယ်စားလှယ်တော်က တော်တော်စကားတတ်။ သုဝဏ္ဏဘူမိကို မလည်စေရ မြေပုံတောင် ဆွဲပေးလိုက်အုံးမည်ဆိုပဲ။ ပြီးတော့လည်း လက်မှတ်သွားထုတ်တော့ သူ့ကိုတောင် မတွေ့လိုက်ရ။ အပြင်သွားနေသည်တဲ့။ မမတစ်ယောက်ကပြောတယ်။ အရှက်ကလည်း အကွဲမခံနိုင်တော့ မမ ကို ထုတ်မပြောရဲပဲ… လက်မှတ်လေးကို ကိုင်ကာ လေယာဉ်လက်မှတ်အရောင်းဌာနမှ ပြန်ထွက်ခဲ့ရသည်။

ဖက်ရှင်မြို့တော်ကြီးဆီသို့ သွားရမည့်နေ့သို့ရောက်လာခဲ့ပါပြီ။ လေယာဉ်ကွင်းမဆင်းခင်လေး အဖိုးဖြစ်သူကို ၀င်ရောက်ကန်တော့သည်။ အဖိုးကတော့ ဆုတွေပေးပြီး နောက်ဆုံးပြောလိုက်ပုံက "ဖက်ရှင်မြို့တော်ကို သွားမယ့်သူရဲ့စတိုင်ကလည်း။ မနက်ထပြေးမယ့်စတိုင်ပါလား။ Smart မကျလိုက်တာ"တဲ့။ ကောင်းပါလေရော။ ဒီအချိန်မှ အင်္ကျီလည်း ပြန်လဲချင်စိတ်မရှိတော့။ မိမိ Luggage ကလည်း ပိုလာဝက်ဝံလားအောက်မေ့ရတယ်။ လက်မှာကလည်း ကွမ်းယာဘန်းနှင့် အခြားလက်ဆောင်ပစ္စည်း Hand Carry အိတ်တစ်လုံး။ မိမိဖြစ်အင်ကို ယခုမှပြန်စဉ်းစားကြည့်လျှင် အဖိုးဖြစ်သူပြောလည်း ပြောချင်စရာ။

လေဆိပ်သို့ရောက်လာပါပြီ...ဒူးတွေက အလိုလိုတုန်လာသည်။ သုဝဏ္ဏဘူမိVirus ၀င်လာပြီ။ အိမ်သားတွေကလည်း နည်းနည်းတော့ စိတ်ပူနေသလိုလိုထင်ရလောက်အောင် ….တစက်တောင်မေးဖော်မရကြ။ သူငယ်ချင်းတွေကလည်း လာနှုတ်ဆက်ကြမယ်ဆိုပြီး ရောက်မလာလို့စောင့်လိုက်ရတာ။ Check In ၀င်တော့နောက်ဆုံးတောင် ဖြစ်သွားသည်။ သူငယ်ချင်းများကို ကျေးဇူးတောင် ယခုပြန်တင်မိသည်။ Check In ၀င်တော့ ကိုယ်ကနောက်ဆုံးဆိုတော့ အေးဆေးစွာ ပွားနိုင်ပြီ။ Check In ကောင်တာမှ မမကို ရှိသမျှ သုံးဆယ်နှစ်ကွတ်တာကို ပြုံးပြပြီး မိမိ၏ဖြစ်အင်ကို ပြောပြရတော့သည်။ မမကလည်းသဘောကောင်းသား။ စိတ်မပူနဲ့ အကြောင်းကြားထားပေးပါ့မယ်။ လာကြိုပါလိမ့်မယ်တဲ့။ ကဲ... မိုက်သကွာ။

မိုးဥတုဖြစ်ခြင်းကြောင့် လေယာဉ်ကနည်းနည်းတော့ ခါတာတာ။ အများသူငှာ ဘုရားစာရွတ်နေသော်လည်း မိမိက ခပ်ပြုံးပြုံး။ ဟဲဟဲ..အသက်အာမခံထား ထားတယ်လေ။ အေးဆေးပဲ...

သုဝဏ္ဏဘူမိလေဆိပ်အကြောင်းကို တီဗွီမှာပြနေသော်လည်း လိုက်သာမှတ်နေတာ အာရုံ်ကမရတော့။ လေယာဉ်ဆင်းသက်ချိန်တွင် ကြောက်စိတ်Virus က ကိုက်လေပြီ။ နောက်ဆုံးတွင်တော့ မြန်မာ့ထုံးနလုံးမူပြီး "ပါးစပ်ပါ ရွာရောက်"ဟု ဆင်ခြင်ကာ လေယာဉ်ပေါ်မှ ဆင်းသက်ခဲ့သည်။ အောင်မလေး..လေယာဉ်အဆင်းတွင် ဘုတ်ထောင်ထားလိုက်တာ မိမိနာမည်ကပြူးလို့။ ဘုတ်နံဘေးက အမောင်ကိုယိုးဒယားကို အင်တာနေရှင်နယ်Language လက်ဟန်ခြေဟန်ဖြင့် မိမိဖြစ်ကြောင်းပြောတော့ ကိုယ်တော်က Passport နှင့် Air Ticket တောင်းပြီး သူ့နောက်မှလိုက်ရန် ယိုးဒယားသံဝဲ၀ဲ..အင်္ဂလိပ်ဖြင့်ပြောလေသည်။ သူခေါ်ရာလိုက်ခဲ့ပြီး အများသူငှာလို ဘတ်စကားမစီးရပဲ..Townace ကားလေးဖြင့် ခေါ်ဆောင်သွားလေသည်။ ကားပေါ်တွင် အခြားမြန်မာ အဒေါ်ကြီးတစ်ယောက်က ရောက်နှင့်နေပြီးသား။ သူကလည်း မိမိလို Virus ကိုက်နေသူ။ လေဆိပ်တွင်းသို့ ၀င်ရန် အပေါက်ဝတွင် wheel chair ကြီးဖြင့် စောင့်နေသော လေကြောင်းလိုင်းဝန်ထမ်းတစ်ဦးက အကျွန်ုပ်နှင့်အတူတူလာသော အဒေါ်ကြီးကို ထိုင်ရန်ပြောလေသည်။ အဒေါ်ကြီးကလည်း အတင်းပင်ခေါင်းခါ လက်ခါလုပ်လေသည်။ ဟိုကလည်းအတင်းထိုင်ခိုင်းသည်။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်သည်။ နောက်ဆုံး မိမိကပင်ကြားက မနေနိုင်တော့

"အဒေါ်ရယ် ထိုင်လိုက်ပါ။ လမ်းလျှောက်ရသက်သာတာပေါ့။ မြန်မာနိုင်ငံမှာတောင် စီးချင်တိုင်း စီးရတာမှ မဟုတ်တာ။ လေယာဉ်လက်မှတ်ခတောင် ပိုတန်သေးတယ်။ လေယာဉ်လည်းစီးရ Wheel Chair လည်းစီးရ။"

အဒေါ်ကြီးကလည်း အောင့်သက်သက်ဖြင့် ထိုင်လိုက်လေသည်။ နောက်ဆုံးတွင် လေကြောင်းလိုင်းဝန်ထမ်းခေါ်ရာနောက်သို့ အပြေးတပိုင်းလိုက်ရသည်။ ရှည်လျားလိုက်သောလေဆိပ် လူတွေကလည်းများတော့ အမောင်ဝန်ထမ်းကို မျက်စိရှေ့အပျောက်မခံပဲ..ကွမ်းယာဗန်းကိုလွယ်ရင်း အပြေးလိုက်ရသည်။ နောက်ဆုံးတွင်တော့ သူကပဲ...Transit အတွက်အားလုံးလုပ်ပေးကာ လေကြောင်းလိုင်းဧည့်နားနေဆောင်သို့ ပို့ပေးသွားသည်။ အဒေါ်ကြီးနှင့်တော့ လမ်းခွဲခဲ့ရသည်။ အဒေါ်ကြီးက ဂေါ်ဖီနှင့်မော်စီတို့ရှိရာ အော်စီကို သွားမှာတဲ့။ မိမိမှာ မျက်နှာငယ်လေးဖြင့် ဧည့်နားနေခန်းလေးတွင် ထိုင်ပြီး ခေတ္တမျှ မျက်စိကင်မရာရိုက်ပြီးတော့ မှတ်ဥာဏ်တွင် နေရာကို မှတ်ကာ Money Changer သို့သွားကာ ပိုက်ဆံလဲပြီး အမိမြန်မာပြည်သို့ မိဘများဆီသို့ ဟယ်လို..ဟယ်လို လှမ်းလုပ်ပြီး..ချစ်သူလေးဆီလှမ်းဆက်ကာ သတင်းပို့ရသည်။ ထို့နောက် လိုအပ်တာများကို ၀ယ်ကာ ဧည့်နားနေခန်းလေးသို့ ပြန်လာကာ ကွမ်းယာဗန်းကိုဖွင့်ကာ ကွမ်းထိုင် ယာနေလိုက်သည်။

အီတလီလေဆိပ်ကိုလည်း မိမိရောက်ဖူးတာ မဟုတ်တော့။ မြန်မာပြည်လေဆိပ်မှာကဲ့သို့ပင် လေကြောင်းလိုင်းဝန်ထမ်းများကို အကြောင်းကြားထားလိုက်သည်။ ဤသို့ဖြင့်ပင် ပြောင်းစီးရမည့် လေယာဉ်Check in ချိန်နီးလာတော့ လေကြောင်းလိုင်းဝန်ထမ်းခေါ်ရာနောက်သို့ Greek သူလေးနှင့်အတူတူ လိုက်ပါသွားရသည်။ ကိုယ်ကလည်းလေယာဉ်တူတော့ အီတလီအထင်ဖြင့် ပွားလိုက်ကာမှ သူမကနားမလည်ကြောင်းပြောမှ အရှက်ကကွဲသည်။ နောက်ဆုံးတွင်တော့ စိတ်ပူခဲ့ရသမျှ သုဝဏ္ဏဘူမိလေဆိပ်ကြီးကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။

(ဓါတ်ပုံလေးကို ဒီနေရာကကူးပြီးတင်လိုက်တာ။ မိမိကတော့ လမ်းပျောက်မှာစိုးလို့ ဓါတ်ပုံတောင်ထုတ်ပြီး မရိုက်နိုင်ခဲ့။)


Thursday, January 1, 2009

+ HAPPY NEW YEAR - 2009

နှစ်သစ်မှာ သူငယ်ချင်းအားလုံးနှင့်တကွ ဒီဆိုဒ်လေးကို ရောက်ရှိလာကုန်သော မိတ်ဆွေများအားလုံး




မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ပျော်ရွှင်စွာဖြင့် ၂၀၀၉ခုနှစ်ကို ဖြတ်သန်းနိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းရင်း
Cafe and NoteBook