Tuesday, October 28, 2014

ဓမ္မအမွေ


စာရေးသူ ငယ်စဉ်ကတည်းက မြင်ဘူးတွေ့ဘူးနေသော မြင်ကွင်းတစ်ခုက စာရေးသူ၏ အဖွားသည် မနက်ဆိုလျှင် အိမ်ရှေ့ရှိ ခုံပေါ်တွင် ဆွမ်းထမင်းအုပ်တစ်ခု၊ ဟင်းတစ်အိုး၊ ဇွန်းစိမ်သော ရေခွက်တစ်ခုကို ချထားပြီး သံဃာများကို ဆွမ်းလောင်းလှူလေ့ရှိပါတယ်။ ကျေးရွာတို့၏ ဓလေ့အရ သံဃာတစ်ပါးနှင့်အတူ ကျောင်းသားလေးတစ်ဦး အမြဲပါလေ့ရှိပါတယ်။ ဒီမြင်ကွင်းလေးက စာရေးသူ ငယ်စဉ်ကတည်းက မြင်တွေ့နေရသော အဖွား၏ နိစ္စဓူဝအလုပ်ပင်ဖြစ်ပါသည်။

စာရေးသူတို့နေသော တိုက်ခန်းအိမ်လေးတွင် စာရေးသူ၏မိခင်သည် သံဃာများကို နေ့စဉ်ဆွမ်းလောင်းလှူလေ့ရှိပါတယ်။ ရပ်ကွက်အနီးတွင်လည်း စာသင်တိုက်များ အတော်အသင့်ရှိသဖြင့် ဆွမ်းဖိတ်သော သံဃာများလည်း များပြားလှပါတယ်။ ဆွမ်းဖိတ်သော သံဃာတိုင်းကို လက်ခံပြီး ဆွမ်းပင့်ခဲ့တာ အပါးပေါင်း (၃၅)ပါးကို နေ့စဉ် ဆွမ်းလောင်းလှူပါတယ်။ သံဃာအပါးအရေအတွက်လည်းများ ဖခင်ဖြစ်သူကလည်း သာမန်ဝန်ထမ်းတစ်ဦးဖြစ်သဖြင့် စာရေးသူတို့၏ ဟင်းများ ချည်ပေါင်နှင့်မျှစ်လေးကို ငါးဖြတ်ပြေး... ခရမ်းချဉ်သီး ငါးပိချက် စသည်ဖြင့်သာ ဖြတ်ကျော်ခဲ့ကြရပါတယ်။

စာရေးသူတို့ အသက်အရွယ်လေးရလာချိန်မှာ ယခင်နေသော တိုက်ခန်းကျဉ်းလေးမှ အတန်သင့်ကျယ်သော တိုက်ခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ သံဃာများကို ဆွမ်းမလောင်းလှူရတော့သဖြင့် မပျော်ရွှင်တော့ပါဘူး။ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ၀မ်းအသာဆုံး အချက်ကဖြင့် ဘယ်နေရာရောက်ရောက် လှူဒါန်းဖို့ရန် သံဃာကို မြင်တွေ့နေရခြင်းပါ။ မိခင်လည်း ထိုအနီးနားမှ ကျောင်းတိုက်အား အာရုံဆွမ်းချိုင့်ပို့ခြင်းနှင့် အပတ်စဉ်တန်းဆွမ်းလောင်းလှူခြင်းများကို ဆက်လက် လှူဒါန်းပါတယ်။ 
ထိုမှ တဖန်စာရေးသူတို့ ထိုတိုက်ခန်းလေးမှ အတန်အသင့်ကျယ်သော မြေကွက်လေးပေါ်မှာ အိမ်လေးတစ်လုံးဆောက်ကာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ယခုပြောင်းရွှေ့သော နေရာလေးတွင်လည်း မိခင်ဖြစ်သူမှ ဆွမ်းလောင်းလှူခြင်းများကို ဆက်လက် ပြုလုပ်ပါတယ်။ ထိုထို အဖွားနှင့် မိခင်ပြုလုပ်သော ဆွမ်းလောင်းလှူခြင်း အမွေကို စာရေးသူ ကျေနပ်စွာအမွေဆက်ခံခဲ့ပါတယ်။ သံဃာတော်များကို အပတ်စဉ် မိမိတတ်နိုင်သလောက် အာရုံဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ 
မိခင်နှင့် အဖွားဆီမှ ရသော အမွေများသည် စာရေးသူ ယခုဘ၀စားသုံးရုံသာမက နောင်သံသရာအဆက်ဆက်အတွက် အကျိုးပေးသော အမွေပင်ဖြစ်ပါတယ်။