Wednesday, November 18, 2009

+ ဘ၀ကိုအထင်မသေးနှင့်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် လက်သည်းခွံပေါ်၌ မြေမှုန့်အနည်းငယ် တင်ထားပြီး ရဟန်းတို့ကို ဤသို့မိန့်ကြားတော်မူ၏။

"ရဟန်းတို့၊ မည်သို့ထင်ကြသနည်း၊ လက်သည်းခွံပေါ်၌ ငါတင်ထားသော မြေမှုန့်အနည်းငယ်နှင့် ဤမဟာပထ၀ီမြေကြီးရှိ မြေမှုန့်သည် ဘယ်အရာက ပို၍များသနည်း"

ဤသို့မေးသောအခါ ရဟန်းတို့က


"မြတ်စွာဘုရား၊ မဟာပထ၀ီမြေကြီးကသာ ပို၍များပါသည်။ လက်သည်းခွံပေါ်၌ မြတ်စွာဘုရားတင်ထားသော မြေမှုန့်ကား အနည်းငယ်မျှသာ ရှိပါသည်။ မဟာပထ၀ီမြေကြီးနှင့် စာလျှင် မြတ်စွာဘုရားလက်သည်းခွံပေါ်၌ တင်ထားသော မြေမှုန့်ကလေးသည် အရေအတွက် မသွင်းလောက်ပါ။ နှိုင်းစရာဟုပင် မဆိုလောက်ပါဘုရား"

ဟု လျှောက်ထားကြ၏။

"ရဟန်းတို့၊ ဤဥပမာအတိုင်းပင် လူ့ဘုံ၌ ဖြစ်သော သတ္တ၀ါတို့သည် အနည်းငယ်မျှသာ ရှိသည်။ စင်စစ်ကား အခြားသောဘုံတို့၌ ဖြစ်သော သတ္တ၀ါတို့က ပို၍များကုန်၏။ ယင်းသို့ ဖြစ်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု ဆိုလျှင် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာလေးပါးအမှန်တရားကို မသိကြသောကြောင့်ပင်ဖြစ်သည်။"

"ရဟန်းတို့၊ သို့ဖြစ်၍ ဤတရားသည် ဆင်းရဲခြင်းအမှန်တည်းဟု သိအောင်အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲခြင်းဒုက္ခကို ဖြစ်စေတတ်သည့်အကြောင့်းကို အမှန်တည်းဟု သိအောင် အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ အမှန်တည်းဟု သိအောင်အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲဒုက္ခချုပ်ငြိမ်းရာသို့ ရောက်စေတတ်သည့် လမ်းကြောင်းအမှန်တည်းဟု သိအောင် အားထုတ်ရမည်"

ကိုးကား - မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁၂-သစ္စသံယုတ်၊ ၇-ပဌမအာမကဓည၀ဂ်၊ ၁-အညတြသုတ်
ဗုဒ္ဓ၏ သြ၀ါဒအမြုတေ - ဒဂုန်ဦးထွန်းမြင့် ရေးသားချက်ကို ပြန်လည်ကူးယူဖော်ပြပေးခြင်း ဖြစ်ပါသည်။

No comments: