Saturday, December 27, 2008

+ Venice ခရီးစဉ်မှ အလွဲများ အပိုင်း(၂)


ရထားစီးချိန် တစ်နာရီလောက်သာသာမှာ ထိုင်ခုံနေရာရပါတယ်။ စာရေးသူတို့စီးတဲ့ရထားက ဘူတာတိုင်းမရပ်ဘူး။ နာမည်ကြီးဘူတာတွေပဲ ရပ်တာ။ ထို့ကြောင့်လည်း Milan to Venice ကို တစ်ယောက်ကို ၃၄ယူရိုပေးရတယ်။ လက်မှတ်ဖြတ်ပိုင်းလေးကို သိမ်းထားချင်မိသော်လည်း အကျွန်ုပ်၏သူငယ်ချင်းက စိတ်နာကြည်းစွာပစ်ထုတ်ခဲ့သည်။ နောက်ဆုံးတွင်တော့ ပင်လယ်ရေပြင်ပြာပြာကြီးဘေးမှ ရထားကခုတ်မောင်းနေပါသည်။ Venezia ဆိုသည့် ဆိုင်းဘုတ်ကို တွေ့တော့မှ ၀မ်းသာအားရ ရောက်ပြီကွဟု အရူးလိုလိုထအော်မိသေးသည်။ ဟဲဟဲ..ဘယ်သူမှ နားမလည်တော့လည်း အေးဆေးပေါ့။ ဘူတာရုံကို ရထားဆိုက်သည်နှင့် မျက်စိက ကျီးကန်းတောင်းမှောက် Information Counter ကိုရှာသည်။ Information Counter မှာသာ မြေပုံကို အလကားရမှာကိုး။ သူငယ်ချင်းဖြစ်သူကတော့ အခုမှ ရထားပေါ်ကဆင်းသည်။ အပြန်လက်မှတ်ဝယ်ရန် ကောင်တာကို ပြေးလေသည်။ မြေပုံအလကားယူရမည်ထင်၍ လူ၁၀ယောက်လောက်ကို တန်းစီကာစောင့်နေလိုက်ရာ ကောင်တာအရောက် ခြင်းလေးဖြင့်သာ ကိုယ့်ရှေ့ကိုထိုးလာသည်။ သေချာပါပြီ...ပိုက်ဆံတော့ထွက်ပြီ ၂ယူရိုတန် မြေပုံကြီးကို စိတ်ပျက်ခြင်းကြီးစွာဖြင့် ကိုင်ကာ အကျွန်ုပ်၏သူငယ်ချင်းထံပြန်လာခဲ့သည်။ သူငယ်ချင်းကလည်း အချိန်မရတော့ အပြန်လက်မှတ်မရမှာကို စိတ်ပူနေသည်။ နောက်ဆုံးတွင် Venezia မှ နောက်ဆုံးထွက်သော ရထားကို ရွေးချယ်လိုက်သည်။ ဒါတောင် ဒင်းက လက်မှတ်ကောင်တာမှာ ဘိုလိုတွေ မတရားသွားရွှတ်နေသေးသည်။ ဒီက လက်မှတ်ရောင်းကတော့ တော်တော်အတွေ့အကြုံရှိပုံရသည်။ ထိုင်ခုံနေရာရမှာ သေချာကြောင်းကို အကြိမ်ကြိမ်ပြောနေလေသည်။ ဘူတာရုံမှ ထွက်လိုက်တော့ တူးမြောင်းတစ်ခုကို တန်းတွေ့ရသည်။ အော်..ဒါ Venice ကြီးပါလား။ သူငယ်ချင်းဖြစ်သူက လှေစီးရန် နားပူနာဆာတိုက်သည် မဖြစ်နိုင် လှေလှလှလေးတွေက မြို့တပတ်စီးလို့ကတော့ တစ်ယောက်ကို ပြန်တမ်းဝင်လစာထက်တောင် ကျော်သွားနိုင်သည်။ မဖြစ်ချေ..နောက်ဆုံးတွင်တော့ ၂ယူရိုတန်မြေပုံအားကိုးဖြင့် ခြေကျင်သုတ်ကျလေသတည်း။

မြေပုံထဲက ထင်ရှားလှသည့် နံပါတ်တပ်ထားသော အဆောက်အအုံများကို တပ်သုတ်ရိုက်ပြီး လိုက်ကြည့်ခဲ့ကြသည်။ ရထားလွတ်သွားမှာ စိုးသောကြောင့်။
"အော်..အော်...ဒါက ဒီအဆောက်အအုံ..အင်း..ဒါကို ရှေးကျတာပဲ"
ထိုစကားလုံးများဖြင့် ကမ္ဘာကျော် venice မြို့ကြီးကို ကျော်ဖြတ်ခဲ့ကြသည်။ ကိုယ်ခန္ဒာလှုပ်ရှားမှုများတော့ ၀မ်းမီးကလောင်လာသည်။ ဒီတစ်ခါတွင်တော့ သူငယ်ချင်းကြီးက ရှေ့မှဦးဆောင်က စားသောက်ဆိုင်ရွေးလေသည်။ နောက်ဆုံး ဘူတာကိုလည်း လှမ်းမြင်ရအောင် Venice မြို့၏နေ၀င်အလှကိုလည်း ခံစားရအောင်ဆိုပြီး မြစ်ဘေးနားမှဆိုင်တစ်ခုကို ရွေးခဲ့ကြသည်။ ရွှေမြန်မာတို့အတွေးက ၅နာရီဆို နေ၀င်မည်..နောက်မှ ရွှေမြန်မာနှစ်ယောက် နဖူးရိုက်ကျရသည်။ ဒီနိုင်ငံမှာ ဒီလိုနွေရာသီဆို နေက ၉နာရီလောက်မှဝင်တာ။ အဆုံးတွင်တော့ အီတလီနေရောင်ကြီးကို ခံကာ စားလိုက်ရတာပဲ အဖတ်တင်သည်။ ပိုက်ဆံရှင်းတော့ သူငယ်ချင်းဖြစ်သူက ရှေ့မှ ဘီယာခွက်ရုရှားမယ်ကို ကြည့်ကာ စုတ်တသတ်သတ်။ တော်တော်ကျသွားပုံရသည် အကျွန်ုပ်ကတော့ sphagetti ကို မုန်းလချေပြီဖြစ်၍ အသားညှပ်ပေါင်မုန့်ဖြင့် cokeတစ်ခွက်ကိုသာ သောက်လိုက်သည်။ ဒါတောင် ယူရို၅၀လောက်ကျ၍ ဒကာခံသော အကျွန်ုပ်သူငယ်ချင်းမှာ မျက်နှာမလှ။ စကားစမြည်လေးပြောပြီး အမှတ်တရပစ္စည်းဆိုင်တန်းဖက် ပတ်ကြည့်လိုက်သေးသည်။ သူငယ်ချင်းဖြစ်သူက အမှတ်တရ..အမှတ်တရဖြင့်ဝယ်လိုက်တာ တော်တော်ထွက်သွားသည်။ အကျွန်ုပ်ကတော့ ထိုဒေသထင်ရှားသောအဆောက်အအုံတစ်ခု၏ အုတ်ခွက်ပုံပြုလုပ်ထားသည့် အလှပစ္စည်းတစ်ခု၊ Venice မြို့၏ အမှတ်တရပစ္စည်း မျက်နှာဖုံးကို စတိအနေဖြင့် ရေခဲသေတ္တာကပ်တာနှစ်ခုကို ဖြစ်ဖြစ်မည် ၀ယ်ခဲ့လိုက်မိသည်။ Venice မြို့သို့ရောက်ကြောင်း ချစ်သူလေးဆီကို ဖုန်းလှန်းဆက်တာ ခေါ်မရဘဲ
"The number you have dialed is not in the service area please redial later"
စကားသံလေးတွေက ယူရို၁၀လောက်တန်မှန်း ကြိုသိခဲ့ပါလျှင်....

ရထားချိန်နီးလာတော့ သူငယ်ချင်းနှစ်ယောက်ဘူတာအနီး၌ တစ်ဝယ်လည်လည်လုပ်နေလိုက်သည်။ အများကတော့ Venice မြို့ကို စာဖွဲ့ကျပေမယ့် အကျွန်ုပ်အတွက်တော့ အင်းလေးက ထာဝရပါ။ အကျွန်ုပ်ကတော့ စိတ်ကူးတွေရင်နေပေမယ့် သူငယ်ချင်းဖြစ်သူကတော့ နာရီတကြည့်ကြည့်နဲ့ဆိုတော့ သူ..စိတ်ချမ်းသာအောင် ရထားဘူတာထဲဝင်ခဲ့ကာ စီးနင်းရမည့်ရထားကို လိုက်ရှာကြသည်။ ထိုအချိန်တွင် ရထားတစ်စီးကထွက်သွား၍ သူငယ်ချင်းနှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြေးလိုက်မည်အပြု... မိမိတို့အနားမှ လေအဟုန်ဖြင့် ဆာလီကြီးဖြင့် ရထားနောက်သို့ပြေးလိုက်Indian သူတစ်ဦး..သူ့နောက်မှ India လေးတစ်ယောက်။ မသိလျှင် ကုလားကားရိုက်နေသလိုပဲ။ ကောင်မလေးကလည်း ဘာတွေအော်မှန်းမသိ..ရထားကြီးကတော့ သံယောဇဉ်အတွယ်အတာမဲ့စွာ ဘူတာရုံကြီးမှ ထွက်ခွာသွားလေသည်။ ကုလားကားဇာတ်သိမ်းကတော့ ငိုလိုက်ကျတာ ဘာပြောကောင်းမလည်း အကျွန်ုပ်တို့သူငယ်ချင်းနှစ်ယောက်တောင် ဘာဆက်လုပ်ရမည်မသိ။ ဖြစ်ချင်တော့ အကျွန်ုပ်တို့ရထားက ကပ်လျက်တွင် မထွက်သေးပါ။ ထွက်ခွာရန်လူခေါ်နေပါပြီ..အပြေးကို ရထားပေါ်ကိုတက်ကာ နေရာရှာကာထိုင်လေသည်။ သူငယ်ချင်းနှစ်ယောက်ဝီရိယကောင်းသည်ဟု တွေးကာ ကုလားကားဇာတ်သိမ်းပိုင်းကို မကြည့်နိုင်တော့ပဲ..ခုံနေရာကောင်းကောင်းကိုသာ ရွေးနေမိသည်။ ရထားပေါ်မှာ လူက ၁၀ယောက်ပြည့်ရင်တောင် ကံကောင်း။ သူငယ်ချင်းကတော့ ပထမတော့ဟုတ်တုတ်တုတ်..သူ့ချစ်သူနဲ့ဖုန်းပြောနေတော့ ရထားထွက်လို့ထွက်မှန်းတောင် မသိလိုက်။ နောက်တော့မှ ရထားမှားပြီထင်သည်ဟုဆိုတာ ရထားတစ်တွဲလုံးကို လိုက်လံကြည့်ရှုလေသည်။ ရထားတွဲထဲတွင် အကျွန်ုပ်တို့သူငယ်ချင်းနှစ်ယောက်အပါအ၀င် စုစုပေါင်းမှ ၈ယောက်သာပါလေသည်။ သူမ ထင်ချင်လည်းထင်စရာ။ လိုက်မေးကြည့်တော့မှ ယနေ့သည်စနေနေ့ဖြစ်သော်ကြောင့် မီလန်ကို ပြန်သူမရှိပဲ..ဗင်းနစ်ကို လာသူများသာရှိသောကြောင့် ရထားချောင်နေကြောင်းသိမှသာ နှစ်ဦးသာ တစ်နေကုန်ပင်ပန်းနေသမျှကို ရထားပေါ်တွင် ကောင်းစွာနှပ်ပြီး...ဖက်ရှင်မြို့တော်ကြီး မီလန်မြို့သို ပြန်ရောက်လာခဲ့ကြပါသည်။

Tuesday, December 23, 2008

+ Venice ခရီးစဉ်မှ အလွဲများ - အပိုင်း (၁)











မြန်မာနိုင်ငံရဲ့ ထင်ရှားသော မြို့များတွင် ရေပေါ်အိမ်ဆောက်နေသော အင်းလေးဒေသသည်လည်း ကမ္ဘာကပင်အသိအမှတ်ပြုသော မြို့လေးတစ်မြို့ဖြစ်ပါသည်။ အီတလီနိုင်ငံ၏ ထင်ရှားသော ရေပေါ်မြို့လေးတစ်ခုဖြစ်သည့် Venice မြို့သည်လည်း ကမ္ဘာပေါ်တွင် နံမည်ကြီးသော မြို့များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ကျွန်ုပ်သည်လည်း ထိုမြို့သို့ မရောက်ဘူးလျှင် အီတလီကို လာရောက်ခြင်းသည် အနှစ်အဓိပ္ပါယ်မပြည့်မှီမှာလည်း စိုးသောကြောင့် ရှိစုမဲ့စုဖြင့် ခြစ်ကုတ်ကာ သွားရောက်ခဲ့သည်။ ဖြစ်ချင်တော့လည်း ကျွန်ုပ်၏သူငယ်ချင်းကြီးကလည်း တိုက်တိုက်ဆိုင်ဆိုင် Milan ကိုရောက်လာသော အခိုက်နှင့်ကြုံသောကြောင့် သူငယ်ချင်းနှစ်ယောက်ပျော်ရွှင်စွာပင် Venice မြို့သို့ချီတက်ခဲ့ကြလေသည်။

မနေ့ကညပိုင်းက လျှောက်လည်ပတ်မှု များသွားသောကြောင့် မနက်ကို ၇း၀၀နာရီမှ နိုးသည်။ ပြင်ဆင်ပြီး McDonaldရောက်တော့တန်းစီတာနဲ့ဘာနဲ့ ဘူတာကြီးထဲကို ၈း၃၀နာရီခွဲလောက်မှ ရောက်ခဲ့သည်။

စနေ၊တနင်္ဂနွေဖြစ်သောကြောင့် ဘူတာကြီးသည်လည်း စည်ကားလှသည်။ မိမိတို့နိုင်ငံကဲ့သို့ လက်မှတ်ဝယ်တာကမလွယ်။ ဘယ်အချိန်ကတည်းက လာတန်းစီမှန်းမသိသော ငွေသားဖြင့်ရှင်းရသည့် ကောင်တာများတွင် လူများပုံအောနေသည်။ စောင့်လိုက်လို့ကတော့ မိုးချုပ်သွားနိုင်သည်။ Bank Card များဖြင့်ဝယ်နိုင်သော ကောင်တာများကတော့ လူပါးသည်။ သို့သော်လည်း မိမိတွင် ကဒ်မပြောနှင့် ဖုန်းကဒ်တောင် ဈေးကြီး၍ ၀ယ်မဆက်။ နောက်ဆုံးတွင်တော့ Information Counter သို့ပြေးရသည်။ အမလေး..ကောင်တာရောက်တော့ ခြေထောက်ပင်ချိသွားသလို ခံစားလိုက်ရသည်။ Information မေးရန်စောင့်နေသူကတောင် ၁၅ယောက်လောက်ရှိမည်။ မိမိတို့နိုင်ငံကို သတိရသား။ ဘယ်သူ့မေးမေး နိုင်ငံခြားသားဆိုရင်တောင် မတတ်တခေါက်အင်္ဂလိပ်နှင့် ပြန်ပြောအုံးမှာ။ အီတလီနိုင်ငံက လူမျိုးကြီးနိုင်ငံဖြစ်သောကြောင့် တစ်ကြောင်း အင်္ဂလိပ်စကားကို တွင်ကျယ်စွာ မသုံးစွဲပဲ အီတာလျန်ဘာသာစကားကိုသာ သုံးစွဲကြသောကြောင့် အခြားသူမေးဖို့ဆိုတာ စဉ်းတောင်မစဉ်းစားရဲ။ သူငယ်ချင်းဖြစ်သူကတော့ အချိန်မရသောကြောင့် လက်မှတ်မရမှာ စိတ်ပူနေသည်။ မိမိကတော့ အားနေသောသူဖြစ်သောကြောင့် အေးရာအေးကြောင်း အာလူချောင်းလေးကိုက်ကာ သူ့နောက်မှ လိုက်နေလေသည်။ သူငယ်ချင်းဖြစ်သူ Information Counter မှထွက်လာချိန်တွင် ဖြစ်ပျက်လာသော မျက်နှာသည် ခေါင်းလျှော်နေစဉ် ရေကုန်သွားသော သူ၏မျက်နှာကဲ့သို့။

"ဘာပြောလိုက်တုန်း..နင့်ကို"
"ငါတို့ကို ဟိုလူအများကြီးတန်းစီတဲ့နေရာကို သွားပါတဲ့။ ဒါပဲပြောတယ်။ စိတ်တိုလိုက်တာ။ ငါက ထပ်မေးမယ်လုပ်တာတောင် စွတ်နောက်တစ်ယောက်ကို ခေါ်နေတယ်။"
"အော်..စိတ်လျော့လိုက်ပါ။ သူတို့ကျက်ထားတာ ဒီစကားလုံးပဲရှိလို့နေမှာပေါ့။ နင်က စွတ်ဘိုလိုတွေမှုတ်တာကိုး"
"အောင်မယ်..နင်ကအေးရာအေးကြောင်းနေနေတယ်။ နင်သူတို့စကားနားလည်တာပဲ..နင့်အလှည့်သွား"

သွားပါပြီ။ ခေါင်းပေါ်ကို အုန်းလက်ကျသလိုခံစားလိုက်ရသည်။ သို့သော်လည်း မြိုင်ရာဇာတွတ်ပီကဲ့သို့မာန်ကို တင်းကာ အခြားကောင်တာတစ်ခုသို့ ထွက်လာခဲ့သည်။
"(#&#*&@*&*#)@"
"(@*)(*(*&$*&$(*#&"
"ဟဲ့... ရပြီ။ ဒီမှာလက်မှတ်။"
"အောင်မယ်..နင်ကတော်တော်..တော်သားပဲ။ စောစောက ဘာလို့သွားမ၀ယ်တာတုန်း။"
"အော်...နင်ကလည်း ဘူတာကြီးရောက်တုန်း နေရာအနှံ့ရောက်ဖူးအောင်လို့ပေါ့ဟ။"
ကျွန်ုပ်နှင့် သူငယ်ချင်းသည်လည်း မြိုင်ရာဇာတွတ်ပီနှင့် ဗိုက်ကလေးကဲ့သို့ ရထားစင်္ကြများသို့တက်လာခဲ့သည်။ စင်္ကြတွေက အများကြီး Billboard မှာ ရထားစာရင်းကြည့်ပြီး မိမိတို့ရထားရှိရာသို့ လာခဲ့ကြသည်။ ရထားဆီကိုရောက်တော့ တွဲနံပါတ်ရှာ ပြီးတော့ ခုံနံပါတ်ရှာရန် ဟန်ပါပါဖြင့် ရထားပေါ်သို့တက်ကာ ရှာဖွေနေကြသည်။ ရထားသာထွက်လာသည် ခုံကရှာမတွေ့ နောက်ဆုံးတွင် သူငယ်ချင်းဖြစ်သူက ဖုလာပုံရသည်။
"ဟဲ့...နင့်ဇာတ်လမ်း၊ နင်ရှင်း။"
ကျွန်ုပ်လည်း ကိုယ်ဝယ်ခဲ့သည့်လက်မှတ်ဆိုတော့ ကိုယ်ပဲတာဝန်ယူရတော့သည်။ ရထားလက်မှတ်စစ်လာတော့ မေးလိုက်မိသည်။ ရထားတွဲစောင့်ထွက်သွားချိန်တွင်တော့ သူငယ်ချင်းမျက်နှာကို ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့သကဲ့သို့ ချောင်းကြည့်မိသည်။
"ဟဲ့...ဘယ်မှာတုန်းနေရာက ရထားတော့ မမှားပါဘူးနော်။"
"အဟီး... စိတ်တော့မဆိုးနဲ့ပေါ့ဟာ..ဒါက ခုံမဲ့လက်မှတ်တဲ့။"
"ဟဲ့..နင် ဒါတောင်မသိဘူးလား။ လက်မှတ်မှာ မရေးထားဘူးလား။ နင် ၀ယ်တုန်းကလည်း ဘာမှ မပြောဘူးလား။ ပြစမ်း၊ ပြစမ်းလက်မှတ် ခုံမဲ့ဆိုတာတော့ ရေးထားမှာပေါ့။"
"အဟီး...ဟုတ်တယ်။ ဒီမှာ ငါက ၀ယ်တုန်းက မသိဘူး။ ဟိုကလည်း ငါသိတယ်အောင်းမေ့လို့ ဘာမှ မပြောလိုက်တာနေမှာ။ ငါကလည်း သူရေးပေးတဲ့ ခုံမဲ့ဆိုတဲ့စာသားကို သူ့လက်မှတ်ထိုးတယ်အောက်မေ့လို့။ အဟီး..စိတ်မပူပါနဲ့ဟာ။ ငါကျောင်းမှာ သင်ဖူးတယ်ဟ။ ရထားပေါ်မှာ ခုံနေရာလွတ်ရင် ၀င်ထိုင်ဖို့အတွက်မေးတဲ့ Dialog သင်ဖူးတယ်။ စိတ်ပူနဲ့နော်..သူငယ်ချင်းလေး"
ထိုစာသားလေးကို စာဖတ်သူများ အမှတ်တရဖြစ်အောင် တင်ပြလိုက်ပါတယ်။ အီတလီနိုင်ငံကိုသွားရောက်မယ်ဆိုရင် ဒါလေးကို ဆောင်ပေါ့။
senza posto= ခုံမဲ့

မိမိတို့စီးခဲ့သော ရထားပုံကိုတော့ ဒီဆိုဒ်လေးမှ ကူးတင်ထားတာပါ။ မိမိကိုယ်တိုင်ရိုက်ခဲ့သော ပုံများတွင် ရွှေမြန်မာနှစ်ယောက်က တပူးပူးပါနေသောကြောင့် စာဖတ်သူများအနှောင့်အယှက်မဖြစ်စေရန်။

Sunday, December 21, 2008

+ ချွေး

ခါးပုံကို မောင်ဖြုတ်လို့
ချွေးသုတ်တော့ပေး။
စီးပလေစေ မောင်မသုတ်နဲ့
တုတ်တုတ်ကျချွေး။ ။

မြကန်သာကဗျာစာအုပ်မှ ကောက်နုတ်ပါသည်။

+ အမိမြတ်သော် သိကြောင်းပေါ်

အမိမြတ်ငြား စကားချိုသာ
အဖမြတ်က ကောင်းလှကျင့်မှာ။
နှစ်ပါးမိဘ မြတ်ကြသူမှာ
ကျင့်စကား ကောင်းငြားအမှန်ပါ။

လောကနီတိ

+ ကဗျာ အစိတ်အပိုင်းတစ်စ

"................................
................................
အကြည့်ချင်းအဆုံ
ရင်သိမ့်ခုန် တဖိတ်ဖိတ်
တာရာအုံ ကြယ်ပြာရိပ်မှာ
သမုဒယ လိပ်ပြာစိတ်ကယ်
မမှိတ်တမ်းပေါ့ ပန်းလဲ့ မျက်သခင်
ရွှန်းလဲ့....သက်တစ်မျှင်အငြိ
သြော်..သည်အကြည့်
သံယောဇဉ် ရှိမြဲ ရှိပါစေသား.... "
ဘုန်းနိုင်ကျော်ဝေ