Monday, January 30, 2012

+ ဆရာ့ ဆုံးမစာ

ကျောင်းခန်းထဲကို ဆရာဝင်လာကတည်းက ကျောင်းသားတွေ၏အသံများသည် ကတ်ဆက်ဖွင့်ထားစဉ် မီးပျက်သကဲ့သို့ တိတ်ဆိတ်သွားသည်။ အကျွန်ုပ်တို့ဆရာသည် စာအသင်အပြကောင်းသည်။ ဆရာ့ဘာသာရပ်ကို Note ထုတ်ထားသော စာအုပ်များကို ဝေထားသော်လည်း ဆရာက စာအုပ်ထဲကအတိုင်းဖတ်ပြပြီးမသင်ဘဲ..အပြင်ဗဟုသုတများပြောကာ သင်လေသည်။ ဆရာ့အချိန်သာ ပြီးသွားမည် စာအုပ်တွင် ဘာမှ မမှတ်သားလိုက်ရ။ အချို့အတန်းထဲမှ ကောင်မလေးများက ဆရာ့ကို သင်ခန်းစာများကို မသင်သေးဟု ကောက်ချက်ချလိုက်သော တစ်နေ့တွင် ကျောင်းသားများကို ဆရာပြောလိုက်ပုံက
ငါက ပါရာဖတ် မှ မဟုတ်တာ။ မင်းတို့ကို လက်တွေ့life နဲ့တွဲပြတာ။ မရှင်းတာရှိရင် ပြန်မေး..ဘူဘူခြင်း တစ်မလုပ်နဲ့။ Why ဆိုတဲ့စကားလုံးကို ခေါင်းထဲအမြဲထည့်ထား။ ငါပြောတာ တိုင်းကို ခေါင်းတငြိမ့်ငြိမ့်နဲ့ မလုပ်နဲ့။ကိုယ့်ကိုယ်ကို IQ တွေတုံးအောင်မလုပ်နဲ့။ စဉ်းစားပါ။ Open minded ရှိပါ။ မြုံမထားပါနဲ့။ မသိလျှင်မေးပါ။
ဆရာပြောသည့် ဘူဘူခြင်းတစ်မလုပ်နဲ့ဆိုသော စကားသည် အလွန်တရာမှ မှန်ပါသည်။ အခန်းတွင်းရှိ လာတတ်နေသော ကျောင်းသားများအားလုံးသည် ဥာဏ်ရည်တူတူသာဖြစ်နိုင်သည်။ ပိုတော်မှ နည်းနည်လောက်သာဖြစ်မည်။ မိမိဘေးနားမှ သူငယ်ချင်းကို အားကိုးတကြီးဖြင့် မေးမြန်းပြီး သင်ခန်းစာများကို လုပ်ဆောင်ခြင်းသည် မှားယွင်းမှုဟု မဆိုနိုင်သော်လည်း လုံးဝဥဿုံ မှန်ကန်သည်ဟု မဆိုသာပါ။ မသိတာများကို မေးမြန်းသင့်သည်။ ဆရာပြောပြောနေသော open minded သည် ယနေ့အခြေအနေ ဒီမိုကရေစီရေစီးကြောင်းနှင့် အံဝင်လှသည်... Why Why...Why Why...Why

KMD မှ ဆရာဦးမျိုးထွန်း၏ စာသင်ကြားမှုများကို သတိရလျက် ဤစာစုကို ရေးသားမိပါသည်။

Sunday, January 29, 2012

မိခင်မေတ္တာ



      သားတို့ရုပ်ရည် သီတာမည်သာ ရေကြည်ချမ်းမြတစ်ပေါက်ကျက မိဘတို့ဝမ်းငြိမ်းစတမ်း… ဒီစာသားလေးကို ငယ်စဉ်တောင်ကျေး ကလေးဘ၀တည်းကပင် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ခဲ့သည်။ သို့ပေသော်လည်း ထိုစာသားလေး၏ အတိမ်အနက်ကိုမူ မိမိကိုယ်တိုင် မိဘနေရာသို့ ရောက်ချိန်တွင် တော်တော်လေးကို နားလည်လာခဲ့သည်။
စာရေးသူတစ်ယောက် တခုသောညတွင် ဗီဒီယိုဇာတ်လမ်းတစ်ခုကို ကြည့်မိလိုက်သည်။ ဇာတ်လမ်းလေး၏ အမည်ကတော့ “၀ဋ်ကြွေးအကျေ”.. ဒါရိုက်တာနှင့် ဇာတ်လမ်းဇာတ်ညွှန်းကိုတော့ မည်သူမည်ဝါဆိုတာ သိခွင့်မရလိုက်ပါ။ ဇာတ်ဆောင်များကတော့ လွင်မိုးနှင့် န၀ရတ်။

    အတိုချုံးရရင်ဖြင့် လွင်မိုးနှင့် န၀ရတ်တို့လင်မယားက ဓါးပြတိုက်စားတယ်။ ယောကျာ်းဖြစ်သူ လွင်မိုးက သမာအာဇီဝလုပ်ကိုင်စားချင်ပေမယ့် မိန်းမဖြစ်သူက ဓါးပြတိုက်လို့ရတဲ့ မြိုးမြိုးမျက်မျက်လေးကို ပိုခုံမင်တယ်။ နောက်ဆုံးတော့ ယောကျာ်းအလိုကျ အကြော် ကြော်ရောင်းပြီး သမာအာဇီဝလုပ်စားတယ်။ တနေ့တော့ သူတို့အကြော်တဲကို တဖက်ရွာမှာ အလှူလာလုပ်တဲ့ မိသားစုက ခရီးတစ်ထောက်နားရင် အကြော်ဝင်စားတယ်။ ခရီးသွားအမျိုးသမီးရဲ့ ရွှေငွေတွေကို မြင်တော့ အကြော်သည်မိန်းမက စိတ်ပြောင်းလာပြီး ခရီးသွားများ ပြန်ထွက်သွားချိန်မှာ ယောကျာ်းဖြစ်သူအား နောက်မှ လိုက်ပြီး ဓါးပြတိုက်စေတယ်။ ယောကျာ်းဖြစ်သူကလည်း တပူပူတဆာဆာဖြစ်နေတဲ့ မိန်းမကို ဒါနောက်ဆုံးဆိုရင် သူလုပ်ပေးမယ်လို့ ကတိတောင်းပြီး ဓါးပြသွားတိုက်တယ်။


   ခရီးသွားယောကျာ်းက သူ့မိသားစုကို ကာကွယ်ရင်းအသက်ထွက်သွားတယ်။ ခရီးသွားမိန်းမကလည်း သူမ၏ နို့စို့အရွယ်သားလေးကို ဘေးကင်းရာ ခြုံတစ်ခုနားမှာ သွားချပြီးတော့ သူ့ယောကျာ်းသေသွားသည့်အတွက် ဓါးဆွဲပြီး ပြန်ခုခံတော့ သေပြန်ရော..။ အကြော်သည်ဓါးပြလည်း ရွှေငွေတွေကို ယူပြီး အကြော်သည်မိန်းမထံ ပြန်လာခဲ့တယ်။ မယားဖြစ်သူက ပါလာတဲ့ရွှေငွေတွေနဲ့တင် မကျေနပ်ပဲ ခရီးသွားမိန်းမရဲ့ ဆံထိုးမပါလာလို့ နားပူနားဆာလုပ်ပြန်တယ်။ နောက်ဆုံးတော့ အကြော်သည်မိန်းမက သူကိုယ်တိုင် အခင်းဖြစ်ပွားတဲ့နေရာကို လိုက်သွားခဲ့တယ်။ အဲ့အချိန်မှာ ခရီးသွားယောကျာ်းလဲကျသေဆုံး နေတာကိုပဲတွေ့ရပြီး.. ခရီးသွားမိန်းမကို မတွေ့တော့ဘူး။ ဒီတော့ သွေးစက်တွေ တစက်စက်ကျထားရာ လမ်းကြောင်းနောက်ကို လိုက်တော့ လမ်းနဘေးက ခြုံထဲတွင် ဓါးဒဏ်ရာဖြင့်ခရီးသွားမိန်းမက သူမ၏ ကလေးလေးကို နို့တိုက်ရင်း လဲကျသေဆုံးနေတာတဲ့ မြင်ကွင်းလေးကို တွေ့ပြီး အကြော်သည်မိန်းမလည်း ရူးမတတ်ဖြစ်သွားသော…ဇာတ်လမ်း၊ ဇာတ်ကွက်လေး…


  ထိုမြင်ကွင်းလေးကို မြင်လိုက်ချိန်တွင် ရင်တွင်းတော်တော်လေးဆို့သွားတယ်။ မိခင်တစ်ယောက်ရဲ့ မေတ္တာလေးကို ဖော်ကျူးထားတဲ့ ဇာတ်ကွက်လေး.. မိမိကိုယ်တိုင်မိခင်တစ်ယောက်ဖြစ်နေချိန်တွင် ထိုခံစားချက်ကို နားလည်မိတယ်။ မိခင်တစ်ယောက်ဘ၀ဖြစ်လာတော့မှလည်း ကိုယ့်မိခင်ဖခင်ကျေးဇူးကို ပိုပိုသိလာခဲ့တယ်။ မိဘကျေးဇူးဆိုတာ ဘယ်တော့မှ ဆပ်လို့မကုန်ပါဘူး။ တစ်ခါက မင်းသမီးတစ်ယောက် နိုင်ငံပိုင်သတင်းစာတစ်ခုတွင် မိဘများ၏ အမွေဖြတ်စွန့်လွှတ်မှုကို ပြန်လည်ချေပရေးသားချက်လေးကို သတိရမိရင်း သက်ပြင်းတစ်ချက်ချမိတယ်။ သားသမီးက မိဘကို ဘယ်လောက်ပြန်ဆပ်ဆပ်ပါ… မိဘကျေးဇူးဆိုတာ ဘယ်တော့မှ ဆပ်လို့ မကုန်ပါဘူး။ စာရှုသူများလည်း မိဘနှစ်ပါးကို ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာအောင်ထားနိုင်သော သားသမီးများဖြစ်ကျပါစေ။

Sunday, January 1, 2012

စွန့်လွှတ်စွန့်စားသူများ

        ဆောင်းမနက်ခင်းတစ်ခု၏ တိတ်ဆိတ်ငြိမ်သက်မှုကို ခြောက်က်ခြားဖွယ်ကောင်းသော အသံနက်ကြီးက လှန့်နှိုးလိုက်လေပြီ...ထိုနေ့က ရန်ကုန်မြို့သူမြို့သားများအတွက် ၂၀၁၁ခုနှစ်အတွက် ရင်နင့်ဖွယ်ရာ မီးလောင်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့လေသည်။ စာရေးသူတစ်ယောက် အသံနက်ကြီးများ ၀ုန်းဒိုင်းဖြင့် မြည်ဟီးသွားသည်နှင့် မိမိ၏ အိမ်တံခါးများသည် ဆောက်တည်ရာမရ ပွင့်ထွက်ခြင်းနှင့်အတူ သိမ့်ကနဲဖြစ်သွားသော ရင်အစုံကြောင့် အပြူးအပြဲနိုးလာကာ ထိန်ထိန်ငြီးနေသော မီးလျှံများကြောင့် လှန့်ဖြန့်သွားသည်။ မီးလောင်မှုဖြစ်ပွားသော နေရာက မိမိတိုက်ခန်းနှင့် သိပ်မဝေးကွာလှ။ နေရာကို ခန့်မှန်းမိသလောက် သဘာဝဓါတ်ငွေ့ဆိုင်နား.. လူက နားထင်များ ထူပူကာ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ။ လောကကြီး၏ စကားလုံးများကို ယခုမှ စတင်သင်ကြားနေသော စူးစမ်းသော မျက်ဝန်းတစ်စုံက မိမိကို စိုက်ကြည့်နေချိန်တွင် တင်းကျပ်သော လက်များ၏ မိမိ၏သားလေးကို ပွေ့ပိုက်ထားလိုက်မိသည်။ သရဏဂုံကို မပြတ်ရွတ်ရင်း မီးတောက်မီးလျှံများကို စိုက်ကြည့်နေမိသည်။ သိပ်မကြာလိုက်ပါ.. မကြားချင်သော..အသံများ... မမြင်ချင်သော အနိဌာရုံများ လမ်းမကြီးပေါ်တွင် ပျားပန်းခတ်မျှရှုတ်ရှပ်ခက်ကုန်ကာ. ငိုညီးသံများကို ကြားနေရသည်။ ကြောင်စီစီမျက်လုံးများဖြင့် ဖန်ဝါနေမင်း အလာကိုသာ ထိုင်စောင့်နေမိသည်။ သတင်းတွေ..သတင်းတွေ...များပြားလှသော သတင်းစကားများကြားမှ လူအသေအပျောက်များသည်..ဆိုသော သတင်းများကို မမှန်ပါစေနှင့်ဟု ဆုတောင်းရင်း MRTV4 ဖန်သားပြင်မှ ရင်နင့်ဖွယ်ရာများကို ကော်ဖီကိုပင် မသောက်နိုင်လောက်အောင် လည်ချောင်း ဆို့နင့်လာသည်။ နိစ္စဓူဝတနေ့တာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ရန် မဖြတ်ချင်သော လမ်းမှ လာခဲ့ရလေသည်။ ရင်နင့်ဖွယ်ရာ မြင်ကွင်းများကို မြင်ရချိန်တွင် အလွန်စိတ်မကောင်းမိ... ဖုန်အလိန်းလိန်းပေကျံ မည်သူမည်ဝါပင် ခွဲခြားရခက်သော မျက်နှာများနဲ့ မီးသတ်ဝတ်စုံများဖြင့် အားလျော့စွာ လျှောက်လျှမ်းနေကြသော မီးသတ်သမားများ... ညစ်ပတ်ပေရေနေသော ယူနီဖောင်းနှင့် သွေးစများပင် ပေကျံနေသော လက်များ.. ထိုထိုလက်များဖြင့်ပင် ဆာလောင်မှုကြောင့် ငှက်ပျောသီးများကို အားရပါးရ စားသောက်ကာ မနက်စာ အာသာဖြေနေရသော ရဲဝန်ထမ်းများ... ထမီကို ဆွဲ... လက်ဖနောင့်ဖြင့် မျက်ထောင့်ကိုသုတ်.. အနိစ္စသဘောကို မျက်ဝါးထင်ထင် မြင်ရသောကြောင့် ရတက်ဗျာပွေနေသော မိသားစုဝင်အချို့... မောင်းသူမဲ့သွားလေသော.. တာဝန်များကို နေပူမိုးရွာမရှောင်ထမ်းဆောင်ခဲ့သော အနီရောင် မီးသတ်ကားကြီး။  လုပ်ဖော်ကိုင်ဖက်များ ပျောက်ဆုံးသွားသောကြောင့် အသက်မဲ့နေသောမီးသတ်ကားများကို ကရိန်းဖြင့် ဆွဲထုတ်နေကြရသောအဖြစ်... အို.. ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အသက်ကို ရင်းတည်ကာ တာဝန်ထမ်းဆောင်ခဲ့ကြသော စွန့်လွှတ်စွန့်စား မီးသတ်တပ်ဖွဲ့ဝင် ငါးဦးကျဆုံးကာ၊ (၃၃)ဦး ဒဏ်ရာ ရရှိခဲ့ကြသော ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ(၂၉).. စက်ဆန်းသိုလှောင်ရုံများ မီးလောင်ပေါက်ကွဲမှုကြီးမျိုး ဘယ်အခါမှ မမေ့နိုင်ပါ။ ရင်ခွင်ပိုက်ကလေးအား နို့ချိုတိုက်ကျွေးရင် ဆုံးပါးသွားသော မီးသတ်တပ်ဖွဲ့ဝင် ခင်ပွန်းသည်အတွက် ကျဆင်းနေသော မျက်ရည်များ.... သားငယ်လေးများ၏ ဖြစ်အင်ကြောင့် ရတက်မအေးရသော မိခင်များ၏ မျက်ရည်များ... ဤမဟာ ပထ၀ီမြေကြီးပေါ်သို့ ဤကဲ့သို့ အဖြစ်အပျက်မျိုးဖြင့် ထပ်မံ မကျဆင်းပါစေနှင့်လို့ ဆုတောင်းရင်း....

Tuesday, August 17, 2010

တွေးဆွေးမိခြင်း

ပြတင်းမှန်သားတွင် မိုးသားများ လာရောက်ထိနေချိန်.. ရပ်ကွက်အတွင်းရှိ အိမ်မိုးနီညိုညိုလေးများသည် မိုးစက်မိုးပေါက်များအောက်တွင် ခေါင်းမဖော်ဝင့်သူတစ်ယောက်အလား ငြိမ်သက်ပြီး နေနေလေသည်။

သြ.. တမိုးသောက်ပြန်ပြီ။ ရင်ဘတ်ထဲတွင် နေလို့ထိုင်လို့မကောင်းသော ခံစားချက်ကြောင့် အိပ်ရာထက်တွင် ဆက်လက်မမှေးစက်နိုင်။ သက်သာလို သက်သာငြားတစ်ခုခု ပြုလုပ်ရန် ဆေးဗီဒိုအနားသို့ တလှမ်းခြင်း လာမိချိန်တွင်.. နံရံထက်က နာရီပေါ်တွင် နေ့လည် ၁၁ နာရီထိုးနေပြီ။

အို.. ဘယ်အချိန်ထိတောင် အိပ်ပျော်သွားပါလိမ့်။ တနေ့စာ ၀မ်းစာရှာချိန်မှာ ငါသည် အိပ်စက်မှုကို ပြုနေလေပြီ။ ငါ၏ ရှင်သန်ခြင်းသည် အဘယ်အတွက်နည်း.. မေးခွန်းများစွာဖြင့် ဆေးဗီဒိုတွင်းမှ ဘာမီတွန်ပုလင်းလေးကို လက်လှန်းရင်း...

Thursday, November 19, 2009

+ နေမကောင်းချိန် အိပ်ရာထက်မှ အတွေးများ

တန်ဖိုးတွေအကြောင်း ကလေးကအစသိတယ်။ ငယ်ငယ်ကတည်းက မုန့်တစ်ခုဘယ်လောက်တန်လည်း.. ဒါလည်း ဒီမုန့်ရဲ့ သတ်မှတ်ထားသော တန်ဖိုးပဲလေ။

လူတစ်ယောက်ရဲ့တန်ဖိုးကရော မည်ကဲ့သို့ သတ်မှတ်ကြပါသလဲ။

ဒီအမေးကို မိမိဖာသာပြန်မေးမိချိန်မှာ အဖြေတစ်ခုရလာပါတယ်။ မိမိရိုးရိုးသားသား၊ ကြိုးကြိုးစားစားဖြင့် အရာရာကို ကောင်းတာလုပ်ရင် မိမိတန်ဖိုးက တနေ့ထက်တနေ့ တက်လာမှာပဲလေ။

လူတစ်ယောက်ရဲ့တန်ဖိုးကရော ဘယ်အချိန်သိမှာလဲ။

ဒီအမေးကို မိမိဘာသာပဲပြန်ဖြေလိုက်မိတယ်။ ဒီလူ့ပတ်ဝန်းကျင်နားမှာ ဒီလူပျောက်ကွယ်သွားချိန် ဒီလူတန်ဖိုးကို သိလာမှာပါပဲလေ။

ဒီမေးခွန်းများကို နေမကောင်းဖြစ်ချိန် အိပ်ရာထက် ပက်လက်ဖြစ်ချိန်မှာ တွေးမိတယ်။ မိမိသည်လည်း မည်မျှလောက်တန်ဖိုးရှိနေပြီနည်း။ မိမိသေလွန်လျှင်တောင် မိမိအတွက် ပါမသွားသော ဂုဏ်ဒြပ်တွေကို ဖက်တွက်နေမိသေးသော မသိစိတ်ကို ချိုးနှိမ်ပြီး သေလျှင်ပါသွားမည့် ကုသိုလ်ရေးကိုပဲ အာရုံပြန်ပြုနေမိလိုက်သည်။

ဆရာဝန်ဆီမှ ဆေးသွင်းရအောင်ဟုပြောချိန်တွင် မကြားချင်သောစကားဟု သတ်မှတ်မိသော ထိုစကားစုအဆုံးတွင် သွေးကြောအတွင်းသို့ စူးနစ်ဝင်လာသော အပ်တစ်ချောင်း...

နာကျင်ပေမယ့် လက်တုံ့ပြန်ခွင့်မရှိချိန်... မိမိသွေးကြောထဲ အပ်လေးတစ်ချောင်း ၀င်ချိန်တွင်အခိုက်တွင် ဒီလောက်နာကျင်မှုကို ခံစားရပါက နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ခြေလက်စွန့်လွှတ်လိုက်ရသော သူများဆိုပါက.... သူတို့နာကျင်မှုများသည် အရိုးခိုက်လောက်မည်သာ...

အစာမစားရသောကြောင့် ၀မ်းတကျုပ်ကျုပ်မြည်ကာ ဆာလောင်မှုကို ကလေးငယ်ကဲ့သို့ ငိုယိုမတောင်းနိုင်ပဲ ကြိတ်မှိတ်ခံစားနေခဲ့ရချိန်... ထမင်းတောင် နပ်မှန်အောင် မစားရသောသူများ အဖြစ်ကို ကိုယ်ချင်းစာမိသည်။

သွေးစစ်ဆေးမှုပြုရန်အတွက် သွေးနဲနဲစုပ်ယူမိခြင်းကိုပင်လျှင် မူးချင်ချင်ဖြစ်နေချိန်မှာ... သတင်းစာထဲက ဘယ်နှစ်ကြိမ်မြောက်သွေးလှူဒါန်းသူဆိုသော သွေးလှူရှင်ပုံရိပ်များကို အလေးထားမိလာတယ်။

နေထိုင်မကောင်းချိန်မှာ ခိုလှုံစရာမိခင်ရင်ခွင်တစ်ခုကို တမ်းတမိချိန်မှာ.. မိခင်မရှိတော့တဲ့ သားသမီးတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိလာတယ်။

Wednesday, November 18, 2009

+ ဘ၀ကိုအထင်မသေးနှင့်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် လက်သည်းခွံပေါ်၌ မြေမှုန့်အနည်းငယ် တင်ထားပြီး ရဟန်းတို့ကို ဤသို့မိန့်ကြားတော်မူ၏။

"ရဟန်းတို့၊ မည်သို့ထင်ကြသနည်း၊ လက်သည်းခွံပေါ်၌ ငါတင်ထားသော မြေမှုန့်အနည်းငယ်နှင့် ဤမဟာပထ၀ီမြေကြီးရှိ မြေမှုန့်သည် ဘယ်အရာက ပို၍များသနည်း"

ဤသို့မေးသောအခါ ရဟန်းတို့က


"မြတ်စွာဘုရား၊ မဟာပထ၀ီမြေကြီးကသာ ပို၍များပါသည်။ လက်သည်းခွံပေါ်၌ မြတ်စွာဘုရားတင်ထားသော မြေမှုန့်ကား အနည်းငယ်မျှသာ ရှိပါသည်။ မဟာပထ၀ီမြေကြီးနှင့် စာလျှင် မြတ်စွာဘုရားလက်သည်းခွံပေါ်၌ တင်ထားသော မြေမှုန့်ကလေးသည် အရေအတွက် မသွင်းလောက်ပါ။ နှိုင်းစရာဟုပင် မဆိုလောက်ပါဘုရား"

ဟု လျှောက်ထားကြ၏။

"ရဟန်းတို့၊ ဤဥပမာအတိုင်းပင် လူ့ဘုံ၌ ဖြစ်သော သတ္တ၀ါတို့သည် အနည်းငယ်မျှသာ ရှိသည်။ စင်စစ်ကား အခြားသောဘုံတို့၌ ဖြစ်သော သတ္တ၀ါတို့က ပို၍များကုန်၏။ ယင်းသို့ ဖြစ်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု ဆိုလျှင် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူသော သစ္စာလေးပါးအမှန်တရားကို မသိကြသောကြောင့်ပင်ဖြစ်သည်။"

"ရဟန်းတို့၊ သို့ဖြစ်၍ ဤတရားသည် ဆင်းရဲခြင်းအမှန်တည်းဟု သိအောင်အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲခြင်းဒုက္ခကို ဖြစ်စေတတ်သည့်အကြောင့်းကို အမှန်တည်းဟု သိအောင် အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ အမှန်တည်းဟု သိအောင်အားထုတ်ရမည်။ ဤတရားသည် ဆင်းရဲဒုက္ခချုပ်ငြိမ်းရာသို့ ရောက်စေတတ်သည့် လမ်းကြောင်းအမှန်တည်းဟု သိအောင် အားထုတ်ရမည်"

ကိုးကား - မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁၂-သစ္စသံယုတ်၊ ၇-ပဌမအာမကဓည၀ဂ်၊ ၁-အညတြသုတ်
ဗုဒ္ဓ၏ သြ၀ါဒအမြုတေ - ဒဂုန်ဦးထွန်းမြင့် ရေးသားချက်ကို ပြန်လည်ကူးယူဖော်ပြပေးခြင်း ဖြစ်ပါသည်။

Wednesday, July 8, 2009

+ တနေ့တာအတွက် ကုသိုလ်၊ ဥစ္စာ နှင့် ပညာ




စာရေးသူတစ်ယောက် အိမ်မှ Busကားဂိတ်ကို စထွက်ကတည်းက ဘုရားမရှိခိုးခဲ့ရတော့ လမ်းတစ်လျှောက် ဘုရားစာကို ရွတ်ဆိုလာခဲ့မိသည်။ စာရေးသူ၏ သူငယ်ချင်းလေးအောင်အောင် က ပြောဖူးတယ် တစ်နေ့တစ်နေ့ ကုသိုလ်၊ ပညာ နှင့် ဥစ္စာ ဒီ(၃)ချက်ကို ပြည့်စုံအောင် နေထိုင်နိုင်ရင် ထိုတစ်နေ့တာသည် တန်ဖိုးရှိစွာ ကုန်ဆုံးခြင်းမည်၏ တဲ့လေ။

စာရေးသူလည်း Bus ကားဂိတ်ရောက်တော့ ထုံးစံအတိုင်း ၃၀၀ကျပ်တန် ကိုကိုရွှေဧည့်သည်ကြီးကို စောင့်ပေါ့။ လက်ကနာရီက ကျောင်းချိန်နီးပြီဟု အော်နေသယောင် ခံစားလာရသောကြောင့် မတတ်သာသည့်အဆုံး ကိုယ့်ရှေ့ရောက်နေသော Bus ကားကိုသာ တတ်စီးခဲ့လိုက်သည်။ တန်ပါသည်။


"ဟိုနားဒီနား ၁၀၀ ပေးထား"

Bus ကားကလည်း mini bus ဆိုတော့ လူနဲနဲကျပ်ရင်ကို အသက်ရှူကမ၀တော့။ သို့သော်လည်း အများသူငါတောင် စီးနေတာ မိမိက ရွှေလင်ဗန်းနှင့် အချင်းဆေးသူလည်း မဟုတ်လေတော့ နဲနဲတော့ သည်းခံပြီးစီးလာလိုက်တယ်။ ကိုယ်ဆင်းမည့်နေရာရောက်တော့ ကိုယ်လုံးလေးကို ငါးဖယ်တိုးလေးတိုးပြီး ဆင်းရတယ်။ ဒါတောင် မွေးကတည်းက ဘယ်လောက်စားစား မ၀သော ခန္ဓာကိုယ်ပိုင်ထားပေလို့ တော်သေးသည်။ ကျောင်းချိန်ကလည်း နီးလာပြီဆိုတော့ အမြန်ဆုံးခြေကုန်သုတ်ပြီး ပြေးလာခဲ့သည်။ တနေရာအရောက် ခြေထောက်များက မွေးရာပါသိမ်နေသော လူငယ်တစ်ဦး ချိုင်းထောက်ဖြင့် တောင်းရမ်းနေသည်ကို ဖျတ်ကနဲတွေ့လိုက်ချိန် အသိတစ်ခု ချက်ချင်းဝင်သွားခဲ့သည်။ ဒီနေ့အတွက် စာရေးသူ၏ ကုသိုလ်။ စာရေးသူ၏အဖိုး ဖြစ်သူ အမြဲပြောလေ့ရှိသော တောင်းခံလာသည်ရှိသော် အနည်းငယ်မျှကို ပေးလှူရာ၏ ဆိုသော စကားလေးများသည် စာရေးသူစိတ်ကို လာလှုပ်သလိုခံစားလိုက်ရသည်။

သာမန်အားဖြင့် အကြွေကိုသာ ပေးတတ်လေ့ရှိသော်လည်း ဒီနေ့ မိမိသည်းခံပြီး စီးလိုက်သောကြောင့် သက်သာလာသော Bus ကားခသည် ထိုတောင်းရမ်းနေသော လူငယ်အတွက် ပိုမိုအသုံးဝင်ပေမယ်။ မဆိုင်းမတွပင် ၂၀၀တန်လေးကို သူ့ဒန်ချိုင့်လေးထဲ ထည့်ပေးလိုက်ချိန် မော့ကြည့်လာသော မျက်လုံးတစ်စုံကို စာရေးသူ အပြုံးတစ်ခုဖြင့်သာ နှုတ်ဆက်ခဲ့လိုက်သည်။
သင်တန်းပြီးလို့ အိမ်ပြန်ချိန်တွင်လည်း ကြုံပြန်ပါသည်။ ဒီတစ်ခါကတော့ အနာကြီးရောဂါဝေဒနာခံစားရမှုကြောင့် ခြေလက်များ ပျက်စီးနေသော အဒေါ်ကြီးတစ်ဦးကို သူ၏သားဖြစ်ဟန်တူသူက ချီပိုးကာ ဒန်ချိုင့်လေးကို လက်ချောင်းလေးများမရှိသော အဒေါ်ကြီး၏ လက်ကောက်ဝတ်တွင် ချိတ်ထားလေသည်။ ထိုမြင်ကွင်းကို မြင်တော့လည်း ဂရုဏာသက်မိသည်။ မိမိတို့မပေးမကမ်းလျှင် ထိုအဒေါ်ကြီး၏ စားဝတ်နေရေးသည် ခက်ခဲပေမည်။ ထိုအဒေါ်ကြီးသည် ထိုအိမ်၏ ၀န်ထုပ်ဝန်ပိုးဖြစ်သွားပေမည်။ ထိုအဒေါ်ကြီး၏ဘ၀သည် မသေသော်လည်း သေသကဲ့သို့ဖြစ်ပေမည်။ မိမိတို့ပေးကမ်းစွန့်ကြဲလိုက်သော တစ်ကျပ်တစ်ပြားသည် သူမ၏၀င်ငွေဖြစ်လျှင် သူမ၏ မိသားစုဝင်များက ကြည်ဖြူနိုင်ပေလိမ့်မည်။

အတွေးပေါင်းများစွာကို ဆက်စပ်တွေးမိလိုက်ချိန်တွင် Bus ကားစီးရန်ကိုင်ထားသော ၅၀၀ ကျပ်တန်လေးကို ဒန်ချိုင့်လေးအတွင်းသို့ တရိုတသေထည့်လိုက်မိသည်။်စာရေးသူလည်း အရမ်းချမ်းသာမနေပါဘူး။ ကိုယ်ပိုင်ဝင်ငွေလည်း မရှိဘူး။ စာရေးသူအတွက် ဥစ္စာဆိုတာတော့ တစ်နေ့တာမှာ မပြည့်ဘူးပေါ့။ မိဘကပေးတဲ့ မုန့်ဖိုးကို သုံးတယ်။ ဒီတော့လည်း ပိုင်ဆိုင်တဲ့ ကားခဖိုးလေးထဲက နည်းနည်းကို ပေးလှူမိတာပါ။ ထိုနေ့ကတော့ အပြန်လမ်းကို ရွှေဧည့်သည်ကို ယောင်လို့တောင် မကြည့်ဘဲ ၁၀၀ကျပ်တန် Bus ကားလေးပေါ်ကို ပျော်ရွှင်စွာပဲတက်လိုက်လာခဲ့မိသည်။

သူငယ်ချင်းတို့ရေ..စာရေးသ်ူရဲ့တနေ့တာ အဖြစ်အပျက်လေးတစ်ခုကို ဖွင့်လစ်ပြတာပါ။ သူငယ်ချင်းတို့၏ တနေ့တာ လုပ်ဆောင်ချက်များမှာ စာရေးသူထက်မြင့်မြတ်တဲ့အလှူတွေ လုပ်ကောင်းလုပ်ကျပါမယ်။ ထိုအလှူတွေထဲမှာ နိမ့်ကျသော သူများကိုလည်း ပေးလှူကြစေလိုကြောင်း စာရေးသူ တွေးသော အတွေးလေးကို အကြောင်းသင့်လို့ ဆက်စပ်ဖော်ပြလိုက်ပါသည်။

စိတ္တသုခနှင့် ပြည့်စုံပါစေ
Yellow Cloud

Image copied from : http://upload.wikimedia.org/wikipedia/commons/7/7e/Beggar_Bodhgaya_India.jpg